နိုင်ငံခြားက ပြန်လာတယ်လား (၁)

ကျွန်တော် ဒီစာကိုရေးဖြစ်တာ မကောင်းမြင်ဝါဒနဲ့ ရေးတာမဟုတ်ဘူးဆိုတာ အရင်ဆုံးပြောချင်ပါတယ်။ ဒါပေမယ့် တွေ့နေရ မြင်နေရတာလေးတွေကို ရေးလိုက်တဲ့အခါ တစ်ခြားသူတွေပါ ပြင်ဆင်သင့်တာတွေ ပြင်ဆင်လို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။

ပထမဦးဆုံးတစ်ယောက်က ကိုကကြီးလို့ ထားလိုက်ပါ။ သူက မလေးမှာ ဆယ်နှစ်နီးပါးလောက် အလုပ်သွားလုပ်တယ်။ ပြီးတော့ ပိုက်ဆံ အတော်အသင့် စုဆောင်းပြီး ပြန်လာတယ်။ ဒီရောက်တော့ မိန်းမ ငယ်ငယ်လေးယူတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုတော့ မလုပ်တတ်ဘူး။ သူ ဟိုမှာ လုပ်ခဲ့သလိုမျိုး မဟုတ်တော့ စီးပွားရေးကို စမယ်လုပ်လိုက် ပျက်သွားလိုက်နဲ့ စိတ်ဓာတ်တွေ ကျကျလာပုံရတယ်။ နေ့တိုင်း အရက်ပဲ ဖိတွယ်နေတယ်။ ပြန်သွားဖို့ကျတော့လည်း မလွယ်တော့ဘူး။ ဒီတော့ ထိုင်စား အရက်သောက်၊ အရက်သောက် ထိုင်စားနဲ့ပဲ လုံးပါးပါးလာတယ်။ ကလေးလေး တစ်နှစ်နဲ့ ရှစ်လလည်းကျရော မာလကီးယားသွားရော … ကလေးတစ်ယောက် မိန်းမတစ်ကောင် (အဲလေ) မိန်းမ တစ်ယောက် ကျန်ခဲ့တယ်။ အဲဒါနဲ့ မိန်းမလည်း သူ့အမေအိမ်ပြန်သွားရတယ် ဆိုပါတော့ ….

နောက်တစ်ယောက်က ကိုခခွေး။ သူကတော့ တစ်မျိုး။ သူက ဟိုမှာ ကျစ်ကျစ်ပါအောင် စု၊ ရှာ။ အိမ်ကို ပြန်ပို့။ အိမ်ကက အမေအရင်းနဲ့ မိန်းမရှိတယ်။ ကလေးလည်း နှစ်ယောက်လောက် ရှိမယ် ထင်တယ်။ သူ့အမေကလည်း ချဲ၊ နှစ်လုံး ဝါသနာအိုး။ သူ့အမေလုပ်တော့ သူ့မိန်းက လိုက်လုပ်တယ်။ ကိုခခွေးနဲ့ ဖုန်းပြောရင်တော့ ဘယ်လောက်ရှိနေပြီ။ ဘယ်လို စီးပွားရေးတွေ လုပ်နေတယ် စသဖြင့် လိမ်ကြတယ်။ သူကတော့ တွက်ရေးနဲ့ စက်သဌေးပေါ့။ ပြန်လည်းလာရော အိမ်ပါ အပေါင်ဆုံးနေတယ်။ မိန်းမလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ ကလေးတွေက ကိုခခွေး အမေနဲ့ ထားပစ်ခဲ့တယ်။ သူလည်း အရက်ခွက်ထဲ မျောသွားတာပါပဲ။ အသက်တော့ ရှင်နေသေးတယ်ပေါ့။

နောက်တစ်ယောက်က ကိုဂကြီး။ သူကတော့ သင်္ဘောသား။ လုပ်သက်လည်း ရင့်နေပြီဆိုတော့ ရေကလည်း လျှံတယ်။ သူပြန်လာတဲ့ အချိန်မှာတော့ သူ့မိန်းမက ရွှန်းရွှန်းဝေလို့ …. ကိုယ်ရေ မောင်ရေဆိုတာတွေကို ပါးစပ်က မချဘူး။ သူသင်္ဘောပြန်တက်ဖို့ လေယဉ်ပေါ်ရောက် ရုံရှိသေးတယ်။ လင်ငယ်က အိမ်ပေါ်ရောက်နေပြီ။ အင်း သူကတော့ ဆိပ်ကမ်းကပ်တာနဲ့ ဟိုနားဒီနား သွားနေကြဆိုတော့ ဘဲစားဘဲကျေ ပေါ့ဗျာ ….

မိုးတွေသည်းတဲ့အခါ

and_the_rain_came_down_x_b

မိုးတွေသည်းတဲ့အခါ

ကိုမြကြီးရဲ့ မိုးအကြောင်းကို ငါမသိဘူး

အာကြီးရဲ့ မိုးကိုလည်း ငါမသိဘူး

လမ်းပေါ်မှာ ကလေးတစ်ယောက်နဲ့ ကြက်တစ်ကောင်

တစ်ကိုယ်လုံး စိုတာချင်းအတူတူ ကြက်ကို မငြူစူကြဘူး

မိုးသည်းထဲမှာ လမ်းလျောက်ဖို့

ထီးတစ်လက်မလိုဘူး

မိုးကာမလိုဘူး

အရက်တစ်ခွက်နဲ့ ရမ် နှစ်ပက်ပဲလိုမယ်

ဘဝကို မိုးရေထဲမျောဖို့ တစ်မိုင်လောက်တောင် လျောက်စရာမလိုပါဘူး

မိုးတွေသည်းနေတော့

ငါ အမေ့ကို သတိရတယ်

ဂဏန်းတွေကောက်တဲ့ ကလေးဘဝကို သတိရတယ်

ခုတော့ မိုးရေထဲမှာ ရေစုံမျောဖို့တောင်

ကံဆိုးမသွားရာ မိုးလိုက်လို့ မရွာဘူး

ဒီလိုပဲ ခြောက်ကပ်ကပ် ဘဝမှာ

ရေစိုနေတဲ့ ကြက်တွေလိုပဲ အကုသိုလ်တွေ ခါခါထုတ်နေရတာ

တကယ်တော့ မိုးနဲ့ ပတ်သက်ရင် ငါ ဘာမှ မသိပါဘူး …. ။

မောင်ဥပေက္ခာ

၂၉၊ မေ

၁၀း ၄၃

သူတို့ရောက်မယ့်နေ့

သူတို့ရောက်မယ့်နေ့

ဒီလိုပဲ နေ့စဉ် ကျောနဲ့ တစ်သားတည်းကျနေတဲ့ ဘဝတွေကို ခွာချနေရတာ

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ အမှန်တရားကို ခန္ဒာ တစ်ဝပ်စာတောင် မချနိုင်ခဲ့

ပျောက်ဆုံးသွားတဲ့ လရိပ်မှာ နတ်သမီးတစ်ပါး မရှိပေမယ့်

ဘဝဆိုတဲ့ သစ်သီးထဲမှာ ပိုးတစ်ကောင်က ထိုးလို့ ဆွလို့

ဒီနေ့က သူတို့အတွက်တဲ့

ဟိုနေ့ကလည်း သူတို့အတွက်ပဲတဲ့

အရိုးတစ်ချောင်းကို ပြောင်းပြန်စိုက်ပြီး လမ်းကို ဖောက်ဖို့တောင် ပေါက်တူးတစ်ချောင်း မရှိ

တကယ်တော့ လမ်းဆိုတာ ခင်းဖို့မဟုတ်ဘူး လျောက်ဖို့ ….

ဒါပေမယ့် ခင်ထားတဲ့ လမ်းကို မလျောက်ရသေးခင် ဘဝတွေ ကြွေကြွေကျသွားတာ

နွေဦးရွက်ကြွေတွေလို ….

မောင်ဥပေက္ခာ

သမီးလေးအကြောင်း (၂)

စတိုင်ထွားနေတဲ့ မီးမီး

စတိုင်ထွားနေတဲ့ မီးမီး

သမီးလေးအကြောင်း မှတ်မိတာလေး တစ်ခုကတော့ ရယ်စရာကောင်းပါတယ်။

သမီးလေးကို မွေးကာစ ကတည်းက ကျွန်တော်ပဲ အနှီးထုတ်ပေးရပါတယ်။ အနှီးထုတ်တယ် ဆိုတာ လွယ်တယ်လို့ ထင်ရပေမယ့် အင်မတန် ခက်ပါတယ်။ တကယ့် အနှီးထုတ်တတ်တဲ့ သူဆိုရင် ကျစ်နေပြီး ကလေးကလည်း သူ့အမေ ဗိုက်ထဲမှာ နေရတဲ့ပုံစံမျိုး ဖြစ်နေတော့ ကောင်းကောင်းလည်း အိပ်ပါတယ်။ သမီးရဲ့ အဖွားတွေကတော့ မိန်းကလေး အနှီးကျစ်ကျစ် ထုတ်ရင် ကိုယ်လုံး ကိုယ်ပေါက် လှတယ် ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်ကတော့ အနှီးကို ကျစ်ကျစ်ထုတ်ပြီး သမီးလေးကို သိပ်ရင် နှစ်နှစ်ချိုက်ချိုက်ကလေး အိပ်နေတတ်တာလေးကို ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်နေတတ်လို့ အနှီးထုတ်နည်းကို မတတ်မဖြစ် တတ်အောင် သင်မယ်ဆိုပြီး ကျွန်တော့်ဇနီးကို မီးနေပေးတဲ့ နပ်(စ်)မ အမေကြီးကို သင်ခိုင်းပါတယ်။ အဲဒီအမေကြီးက တကယ့်ကို အနှီးထုတ်တဲ့ နေရာမှာ အိတ်စပတ်လို့ ပြောလို့ရပါတယ်။

ဒီလိုနဲ့ အနှီးထုတ်နည်းကို သင်တာ တစ်ပတ်လောက်ကြာတဲ့ အထိ အမေကြီး ထုတ်တဲ့ အဆင့်အထိ မရပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ထုတ်တတ်သွားပါတယ်။ ဒါပေမယ့် မှတ်မိပါသေးတယ်။ ကလေးအနှီးထုတ်တဲ့ အရွယ်ကျော်တဲ့ အထိ အမေကြီး ထုတ်တာလောက် ကျွန်တော် မထုတ်တတ်ဘူး ဆိုတာပါပဲ။

ဒီလိုနဲ့ ကျွန်တော်က အနှီးထုတ်တာဝန်ကို အမြဲ တာဝန်ယူရပါတော့မယ်။ အီးအီးကုန်းတာ၊ ရှုးရှုးတယ်တာတွေကတော့ သူ့အမေရဲ့ တာဝန်ပေါ့။ တစ်နေ့ သူ့အမေက ကလေးကို အီးအီးကုန်းပေးပါတယ်။ ပြီးတော့ ပေါင်ဒါတွေ သုတ်ပေးပြီး အနှီးထုတ်ဖို့ ကျွန်တော့်ကို ပေးပါတယ်။ အဲဒီလို ပေးတော့ သမီးလေး မျက်နှာမှာ တစ်မျိုးဖြစ်နေပါတယ်။ အီးအကုန် မပါရသေးလို့ပဲ ထင်တယ်ဆိုပြီး သမီးလေးကြည့်လိုက်တော့ “ဖွတ်” ကနဲဆိုပြီး အီးကထွက်လာပါတယ်။ ပေါင်ဒါတွေကလည်း လိမ်းထား အရှိန်ကလည်း ပျင်းတော့ ကျွန်တော်မျက်နှာကိုတောင် ပေါင်ဒါမှုန့်တွေ လာစင်ပါတယ်။ ကျွန်တော်လည်း လန့်ပြီး နောက်ကို ဆုတ်လိုက်ရပါတယ်။ ကျွန်တော့် ဇနီးကတော့ ဖေဖေ အီးမှန်သွားပြီးဆိုပြီး ရယ်နေပါတယ်။

အဲဒီလို အဖြစ်အပျက် နောက်တစ်ခုက ကျွန်တော့် ဇနီးရဲ့ သူငယ်ချင်းက အိမ်လာလည်ပါတယ်။ အဲဒီလိုလာလည်ရင်း သမီးလေးက ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး ချီလိုက်ပါတယ်။ အဲဒီလိုလည်း ချီလိုက်ရော သမီးလေးက အီးပေါက်လိုက်ပါတယ်။ အဲဒီလိုပေါက်လိုက်တာကို ကျွန်တော် ဇနီးသူငယ်ချင်းမက လန့်သွားပါတယ်။ တော်သေးတာပေါ့ ကလေးကို လွတ်မချလိုက်လို့ …. ဟီးဟီး

သမီးလေး အကြောင်း (၁)

သမီးလေး အကြောင်းကို ရေးမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်မှာ သေချာပါတယ်။ ကျွန်တော့် ရင်ထဲမှာ ပြောစရာတွေက တစ်ပုံကြီးပါ။

ပထမဦးဆုံး သမီးလေးနဲ့ ပတ်သက်ပြီး မှတ်မိနေတာက သမီးလေး ဗိုက်ထဲမှာ ရှိစဉ်ကပါ။ ဇနီးနဲ့ ဗိုက်ထဲကနေ ဖောင်းဖောင်းပြီး ထွက်လာတတ်တဲ့ သမီးလေးရဲ့ ခြေထောက်လေးတွေလား၊ ဒါမှမဟုတ် ဦးခေါင်းလေးလား မသိ ခဏခဏ တွေ့ရတတ်ပါတယ်။ အဲဒီလို တွေ့ရတတ်တိုင်း သမီးအမေက ဒီမှာ လာကြည့်ပါဦးဆိုပြီး ခေါ်ခေါ် ပြတတ်ပါတယ်။ အဲဒီလို ခေါ်ပြတော့ ကျွန်တော်က သမီးလေး လိမ်လိမ်မာမာ နေနော်။ မလိမ်မာရင် ရိုက်မယ်ဆိုပြီး ဖောင်းလာတဲ့ နေရာလေးတွေကို ဖြည်းဖြည်းလေး ပုတ်ပါတယ်။ အဲဒါကို သူ့အမေက သမီးရေ … သမီးကို သမီးအဖေက ရိုက်နေတယ်ဆိုပြီး အော်တတ်ပါတယ်။ ဒါလေးတွေက သမီးလေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အမှတ်ရတဲ့ အဖြစ်ပါ။

နောက်တစ်ခုက သမီးလေးမွေးကာစတုန်းကပါ။ ကျွန်တော်က မွေးခန်းအပြင်ဖက်မှာ စောင့်နေပါတယ်။ သမီးလေး ချောချောချူချူ မွေးတယ်ဆိုတော့ ကျွန်တော်လည်း အရမ်းပျော်သွားပြီး သမီးလေးကို မြင်ရအောင် မွေးခန်းကို ချောင်းကြည့်ပါတယ်။ သူ့အမေကိုတော့ မမြင်ရပေမယ့် သမီးကိုတော့ ရေတွေချိုးပေးနေတာ မြင်ရပါတယ်။ အဲဒီမှာ လန့်သွားတာက သမီးလေးကို ရေချိုးပေးနေတဲ့ ဆရာမရဲ့ အကိုင်အတွယ်ပါ။ လန့်စရာကောင်းလောက်အောင် ရဲတင်းပါတယ်။ ခြေထောက်နှစ်ချောင်းက ကိုင်ပြီး ဇောက်ထိုး ခါလိုခါ။ သာမာန် သန်သန်မာမာ ကလေး တစ်ယောက်ကို ဖင်ပြန်ခေါင်းပြန်ကိုင်ပြီး ရေချိုးပေးသလို ချိုးပေးနေတော့ ကျွန်တော့် သမီးလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေမိပါတယ်။ ရင်တမမကြည့်နေရင်း နောက်ဆုံး သမီးလေးရဲ့ ငိုတဲ့အသံကို ကြားတော့မှ အသက်ရူမိတယ် ထင်ပါတယ်။ ဒီလိုနဲ့ အနှီးနဲ့ ကျစ်ကျစ်ပါအောင် ထုတ်ပြီး အခြား မွေးကာစ ကလေးလေးယောက်နဲ့ အတူ သမီးလေးကို လာပြပါတယ်။ အဲဒီနေရာမှာ ကလေးလေးယောက်ကို တစ်ပြိုင်တည်း လက်တစ်ဖက်မှာ နှစ်ယောက်စီတင်ပြီး ချီလာပြန်တော့ စိတ်ထဲမှာ ပြုတ်ကျသွားမလားဆိုပြီး စိုးရိမ်မိပြန်ပါတယ်။

သမီးလေးရဲ့ အဖွားလည်း စိုးရိမ်တယ်ထင်ပါရဲ့။ လှမ်း ချီလိုက်ပြီး ကျွန်တော့်ကို ပြပါတယ်။ ကျွန်တော်လည်း ကျွန်တော့်သမီးလေးကို တွေ့ရပြီဆိုပြီး အားရပါးရ ကြည့်လိုက်တော့ စိတ်ထဲမှာ ဖြစ်လာတာက “ဟာ … ငါ့သမီးလေးက သေးသေးလေးပါလား” ဆိုပြီး ဖြစ်လာပါတယ်။ ဒီလိုစိုးရိမ်စိတ်နဲ့ အမေ့ကို မေးကြည့်တော့ “ဟဲ့ ကလေးက ပေါင်ပြည့်တယ်ဟဲ့၊ မွေးကာစဆို ဒီလိုပဲ၊ ခဏလေးကြီးလာလိမ့်မယ်” ဆိုတော့မှ စိတ်အေး သွားပါတော့တယ်။