သမီးလေး အကြောင်းကို ရေးမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်မှာ သေချာပါတယ်။ ကျွန်တော့် ရင်ထဲမှာ ပြောစရာတွေက တစ်ပုံကြီးပါ။
ပထမဦးဆုံး သမီးလေးနဲ့ ပတ်သက်ပြီး မှတ်မိနေတာက သမီးလေး ဗိုက်ထဲမှာ ရှိစဉ်ကပါ။ ဇနီးနဲ့ ဗိုက်ထဲကနေ ဖောင်းဖောင်းပြီး ထွက်လာတတ်တဲ့ သမီးလေးရဲ့ ခြေထောက်လေးတွေလား၊ ဒါမှမဟုတ် ဦးခေါင်းလေးလား မသိ ခဏခဏ တွေ့ရတတ်ပါတယ်။ အဲဒီလို တွေ့ရတတ်တိုင်း သမီးအမေက ဒီမှာ လာကြည့်ပါဦးဆိုပြီး ခေါ်ခေါ် ပြတတ်ပါတယ်။ အဲဒီလို ခေါ်ပြတော့ ကျွန်တော်က သမီးလေး လိမ်လိမ်မာမာ နေနော်။ မလိမ်မာရင် ရိုက်မယ်ဆိုပြီး ဖောင်းလာတဲ့ နေရာလေးတွေကို ဖြည်းဖြည်းလေး ပုတ်ပါတယ်။ အဲဒါကို သူ့အမေက သမီးရေ … သမီးကို သမီးအဖေက ရိုက်နေတယ်ဆိုပြီး အော်တတ်ပါတယ်။ ဒါလေးတွေက သမီးလေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အမှတ်ရတဲ့ အဖြစ်ပါ။
နောက်တစ်ခုက သမီးလေးမွေးကာစတုန်းကပါ။ ကျွန်တော်က မွေးခန်းအပြင်ဖက်မှာ စောင့်နေပါတယ်။ သမီးလေး ချောချောချူချူ မွေးတယ်ဆိုတော့ ကျွန်တော်လည်း အရမ်းပျော်သွားပြီး သမီးလေးကို မြင်ရအောင် မွေးခန်းကို ချောင်းကြည့်ပါတယ်။ သူ့အမေကိုတော့ မမြင်ရပေမယ့် သမီးကိုတော့ ရေတွေချိုးပေးနေတာ မြင်ရပါတယ်။ အဲဒီမှာ လန့်သွားတာက သမီးလေးကို ရေချိုးပေးနေတဲ့ ဆရာမရဲ့ အကိုင်အတွယ်ပါ။ လန့်စရာကောင်းလောက်အောင် ရဲတင်းပါတယ်။ ခြေထောက်နှစ်ချောင်းက ကိုင်ပြီး ဇောက်ထိုး ခါလိုခါ။ သာမာန် သန်သန်မာမာ ကလေး တစ်ယောက်ကို ဖင်ပြန်ခေါင်းပြန်ကိုင်ပြီး ရေချိုးပေးသလို ချိုးပေးနေတော့ ကျွန်တော့် သမီးလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေမိပါတယ်။ ရင်တမမကြည့်နေရင်း နောက်ဆုံး သမီးလေးရဲ့ ငိုတဲ့အသံကို ကြားတော့မှ အသက်ရူမိတယ် ထင်ပါတယ်။ ဒီလိုနဲ့ အနှီးနဲ့ ကျစ်ကျစ်ပါအောင် ထုတ်ပြီး အခြား မွေးကာစ ကလေးလေးယောက်နဲ့ အတူ သမီးလေးကို လာပြပါတယ်။ အဲဒီနေရာမှာ ကလေးလေးယောက်ကို တစ်ပြိုင်တည်း လက်တစ်ဖက်မှာ နှစ်ယောက်စီတင်ပြီး ချီလာပြန်တော့ စိတ်ထဲမှာ ပြုတ်ကျသွားမလားဆိုပြီး စိုးရိမ်မိပြန်ပါတယ်။
သမီးလေးရဲ့ အဖွားလည်း စိုးရိမ်တယ်ထင်ပါရဲ့။ လှမ်း ချီလိုက်ပြီး ကျွန်တော့်ကို ပြပါတယ်။ ကျွန်တော်လည်း ကျွန်တော့်သမီးလေးကို တွေ့ရပြီဆိုပြီး အားရပါးရ ကြည့်လိုက်တော့ စိတ်ထဲမှာ ဖြစ်လာတာက “ဟာ … ငါ့သမီးလေးက သေးသေးလေးပါလား” ဆိုပြီး ဖြစ်လာပါတယ်။ ဒီလိုစိုးရိမ်စိတ်နဲ့ အမေ့ကို မေးကြည့်တော့ “ဟဲ့ ကလေးက ပေါင်ပြည့်တယ်ဟဲ့၊ မွေးကာစဆို ဒီလိုပဲ၊ ခဏလေးကြီးလာလိမ့်မယ်” ဆိုတော့မှ စိတ်အေး သွားပါတော့တယ်။
ကျွန်တော်လဲ သမီးလေးတစ်ယောက် လိုချင်လိုက်တာဗျာ။
ကိုဒီဘီ.. ဒါဆိုများ သားဆုပဲပန်တော့မယ်နော်… ခမက်ကြီး… ဟိဟိ
ကလေးကို ကိုင်တွယ်တာကတော့ ဆရာဝန်တွေ nurse တွေအဖို့ရိုးနေလို့ ကြမ်းတယ် မဆိုနိုင်ဘူးလေ။
MrDBA ကသမီးလိုချင်တယ်ပြောလို့ ဟိုသီချင်းသွားသတိရတယ်။ ဘာတဲ့
“လိုချင်တာ သမီးငယ် ပေါက်စလေး၊ မွေးလိုက်တော့ အထီးတစ်ကောင်ဟေ့
ဘာပဲဖြစ်ဖြစ်ကွာ တို့နှစ်ယောက်ရဲ့သားသမီး” ဆိုတာ။ ဟိဟိ
သမီးလေးလိုချင်ရင် ကြိုးစားပေါ့ဗျာ …
နောက်ဆို.. အကြွားသန်တာလေးပါ ထည့်ပြောပေးဦးဗျ..
မီးမီးပြောဦးမယ်.. မီးမီးပြောဦးမယ်.. ဆုံးကို မဆုံးနိုင်ဘူး..