သမီးလေးအကြောင်း မှတ်မိတာလေး တစ်ခုကတော့ ရယ်စရာကောင်းပါတယ်။
သမီးလေးကို မွေးကာစ ကတည်းက ကျွန်တော်ပဲ အနှီးထုတ်ပေးရပါတယ်။ အနှီးထုတ်တယ် ဆိုတာ လွယ်တယ်လို့ ထင်ရပေမယ့် အင်မတန် ခက်ပါတယ်။ တကယ့် အနှီးထုတ်တတ်တဲ့ သူဆိုရင် ကျစ်နေပြီး ကလေးကလည်း သူ့အမေ ဗိုက်ထဲမှာ နေရတဲ့ပုံစံမျိုး ဖြစ်နေတော့ ကောင်းကောင်းလည်း အိပ်ပါတယ်။ သမီးရဲ့ အဖွားတွေကတော့ မိန်းကလေး အနှီးကျစ်ကျစ် ထုတ်ရင် ကိုယ်လုံး ကိုယ်ပေါက် လှတယ် ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်ကတော့ အနှီးကို ကျစ်ကျစ်ထုတ်ပြီး သမီးလေးကို သိပ်ရင် နှစ်နှစ်ချိုက်ချိုက်ကလေး အိပ်နေတတ်တာလေးကို ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်နေတတ်လို့ အနှီးထုတ်နည်းကို မတတ်မဖြစ် တတ်အောင် သင်မယ်ဆိုပြီး ကျွန်တော့်ဇနီးကို မီးနေပေးတဲ့ နပ်(စ်)မ အမေကြီးကို သင်ခိုင်းပါတယ်။ အဲဒီအမေကြီးက တကယ့်ကို အနှီးထုတ်တဲ့ နေရာမှာ အိတ်စပတ်လို့ ပြောလို့ရပါတယ်။
ဒီလိုနဲ့ အနှီးထုတ်နည်းကို သင်တာ တစ်ပတ်လောက်ကြာတဲ့ အထိ အမေကြီး ထုတ်တဲ့ အဆင့်အထိ မရပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ထုတ်တတ်သွားပါတယ်။ ဒါပေမယ့် မှတ်မိပါသေးတယ်။ ကလေးအနှီးထုတ်တဲ့ အရွယ်ကျော်တဲ့ အထိ အမေကြီး ထုတ်တာလောက် ကျွန်တော် မထုတ်တတ်ဘူး ဆိုတာပါပဲ။
ဒီလိုနဲ့ ကျွန်တော်က အနှီးထုတ်တာဝန်ကို အမြဲ တာဝန်ယူရပါတော့မယ်။ အီးအီးကုန်းတာ၊ ရှုးရှုးတယ်တာတွေကတော့ သူ့အမေရဲ့ တာဝန်ပေါ့။ တစ်နေ့ သူ့အမေက ကလေးကို အီးအီးကုန်းပေးပါတယ်။ ပြီးတော့ ပေါင်ဒါတွေ သုတ်ပေးပြီး အနှီးထုတ်ဖို့ ကျွန်တော့်ကို ပေးပါတယ်။ အဲဒီလို ပေးတော့ သမီးလေး မျက်နှာမှာ တစ်မျိုးဖြစ်နေပါတယ်။ အီးအကုန် မပါရသေးလို့ပဲ ထင်တယ်ဆိုပြီး သမီးလေးကြည့်လိုက်တော့ “ဖွတ်” ကနဲဆိုပြီး အီးကထွက်လာပါတယ်။ ပေါင်ဒါတွေကလည်း လိမ်းထား အရှိန်ကလည်း ပျင်းတော့ ကျွန်တော်မျက်နှာကိုတောင် ပေါင်ဒါမှုန့်တွေ လာစင်ပါတယ်။ ကျွန်တော်လည်း လန့်ပြီး နောက်ကို ဆုတ်လိုက်ရပါတယ်။ ကျွန်တော့် ဇနီးကတော့ ဖေဖေ အီးမှန်သွားပြီးဆိုပြီး ရယ်နေပါတယ်။
အဲဒီလို အဖြစ်အပျက် နောက်တစ်ခုက ကျွန်တော့် ဇနီးရဲ့ သူငယ်ချင်းက အိမ်လာလည်ပါတယ်။ အဲဒီလိုလာလည်ရင်း သမီးလေးက ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး ချီလိုက်ပါတယ်။ အဲဒီလိုလည်း ချီလိုက်ရော သမီးလေးက အီးပေါက်လိုက်ပါတယ်။ အဲဒီလိုပေါက်လိုက်တာကို ကျွန်တော် ဇနီးသူငယ်ချင်းမက လန့်သွားပါတယ်။ တော်သေးတာပေါ့ ကလေးကို လွတ်မချလိုက်လို့ …. ဟီးဟီး

ရေးကြပါ သမီးရှိသူတွေက ရေးအားရှိတာပေါ့။ ကျွန်တော်လဲ ဝင်ပြီးပျော်သွားတယ်ဗျာ။
ဟီဟိ
ကျွန်တော်တောင် ကလေးလိုချင်လာပြီ။
စလုံးမှာဆိုရင်တော့ အနှီးမထုပ်ပဲ diaper ထုပ်ပေးရမှာ။
MrDBA လည်းကြိုးစားဗျို့။ (ဘယ်လိုကြိုးစားရမလဲတော့ မမေးနဲ့ မသိဘူး) ဟိဟိ
ကလေးရရင် ကိုပီဇီနဲ့ အပြိုင် အနှီးထုပ်ကြတာပေါ့။
ကျွန်တော် ဒိုင်လုပ်မယ်။
ကိုသာသာကြီးက ကလေးလိုချင်တယ်ဆိုတော့ မိန်းမရှိတယ်ပေါ့။ အနော့်တို့တောင်မသိဘူး လျှိုထားတယ်။
ဒါနဲ့စကားမစပ် ကိုပီဇီကြီး ကျွန်တော်မိန်းမရရင်လဲ အစ်ကိုဆီမှာ အနှီးထုတ်တာလာသင်မယ်နော်…