သူတို့ရောက်မယ့်နေ့
ဒီလိုပဲ နေ့စဉ် ကျောနဲ့ တစ်သားတည်းကျနေတဲ့ ဘဝတွေကို ခွာချနေရတာ
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ အမှန်တရားကို ခန္ဒာ တစ်ဝပ်စာတောင် မချနိုင်ခဲ့
ပျောက်ဆုံးသွားတဲ့ လရိပ်မှာ နတ်သမီးတစ်ပါး မရှိပေမယ့်
ဘဝဆိုတဲ့ သစ်သီးထဲမှာ ပိုးတစ်ကောင်က ထိုးလို့ ဆွလို့
ဒီနေ့က သူတို့အတွက်တဲ့
ဟိုနေ့ကလည်း သူတို့အတွက်ပဲတဲ့
အရိုးတစ်ချောင်းကို ပြောင်းပြန်စိုက်ပြီး လမ်းကို ဖောက်ဖို့တောင် ပေါက်တူးတစ်ချောင်း မရှိ
တကယ်တော့ လမ်းဆိုတာ ခင်းဖို့မဟုတ်ဘူး လျောက်ဖို့ ….
ဒါပေမယ့် ခင်ထားတဲ့ လမ်းကို မလျောက်ရသေးခင် ဘဝတွေ ကြွေကြွေကျသွားတာ
နွေဦးရွက်ကြွေတွေလို ….
မောင်ဥပေက္ခာ
ကဗျာကိုဖတ်ပြီး ဆင်းရဲတဲ့ ဘဝပုံရိပ်ကိုမြင်ရပါတယ်။
ဆင်းရဲမှုမှာ ငွေကြေးဆင်းရဲမှုကို ပြောတာမဟုတ်ဘဲ
လွတ်လပ်မှု(အမှန်တရားကို မပြောလိုက်နိုင်တဲ့ မပြောခဲ့နိုင်တဲ့) ဆင်းရဲတာ။
လောဘကြီးပေမယ့်၊ ကိုယ့်လမ်းကိုယ် မထွင်နိုင်လောက်အောင် ဖြစ်နေပေမယ့်
လမ်းလျှောက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဖြစ်ညစ်ကျယ် ဖောက်ထားတဲ့
လမ်းကို မလျှောက်လိုက်နိုင်ခင် ဘဝ ကုန်လွန်သွားတယ်လို့ ဆိုလိုတာကိုခံစားမိပါတယ်။
ဘဝ ဆင်းရဲ ပုံရိပ်တစ်ခု။
ကဲ စကားပြေတော့ရေးလိုက်ပြီဗျား။ မှန်၏ မှား၏ တော့ ကဗျာဆရာပဲသိမယ်။
လွတ်လပ်စွာ ခံစား နားလည်ခွင့်တော့ ရှိပါတယ်နော။
လွတ်လပ်စွာ ခံစားနားလည် ခွင့်ရှိပါတယ်ခင်ဗျာ … ကိုသာသာပြောတာလည်း မှန်တာပဲဗျ … ကိုယ့်ရင်ဘတ်နဲ့ ကိုယ် ဖတ်ပြီး ကိုယ့်နှလုံးသားနဲ့ ကိုယ်နားထောင်ကြည့်ရင် အဓိပ္ပါယ် တစ်ခုတော့ ထွက်လာမှာပဲလေ … ဟိဟိ