Archive for the ‘Discussion’ Category

မောင်ပီဇီနဲ့ မောင်ဒီဘီ ဆွေးနွေးခန်း (၁)

January 5th, 2009

discussionမောင်ပီဇီ – ကိုဒီဘီနဲ့ ကျွန်တော်လည်း အငြိမ့်တွေ ကပြီးကတည်းက မတွေ့တော့ တာကြာပေါ့ဗျာ။ ခု နည်းပညာဆွေးနွေးခန်းကျ မှပဲ ပြန်တွေ့ရတော့ တယ်ဗျို့ …

မောင်ဒီဘီ – ဟုတ်ပါ့ဗျာ .. မနှေးအမှန်ပ အပြေးအမြန် စလို့ရယ် … သူတကာအမြင် လူရာဝင်စေဖို့ ရွာစားကျော် စိန်စေတန်ရေ … နည်းပညာ ဆွေးနွေးခန်းကို ဖွင့် ….

မောင်ပီဇီ – အာဗျာ၊ ကိုဒီဘီကလည်း ဆွေးနွေးခန်းပါဆိုဗျာ .. ဘယ်နှယ် အငြိမ့်က နေရပြန်တာ တုန်းဗျ။

မောင်ဒီဘီ – အကျင့်ပါသွားလို့ပါဗျာ။ ဒီတစ်ပတ်မှာ ဘာတွေဆွေးနွေးဖို့ ရှိလဲဗျ။

မောင်ပီဇီ – နှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒီတစ်ပတ်အတွက် ဆွေးနွေးမယ့် အကြောင်းအရာလေးတွေ မိတ်ဆက်ပေး လိုက်ရအောင်ဗျာ။ ဒီတစ်ပတ် ဆွေးနွေးမယ့် အကြောင်းအရာ တွေကတော့ (၁) Windows ရဲ့ Vista နောက်မှာ ထွက်လာမယ့် Windows 7 (၂) ဒိတ်အောက်နေတဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတွေကို ဆက်သုံးနေတဲ့အတွက် ဖြစ်ပေါ်လာနေတဲ့ အကျိုးဆက်တွေအကြောင်း (၃) နှစ်သစ်မှာ နှစ်ဟောင်းက အချက်အလက်တွေကို Backup လုပ်ချင်သူတွေအတွက် Backup နည်းပညာတွေ အကြောင်းပါခင်ဗျ။

မောင်ဒီဘီ – ဟုတ်ကဲ့ခင်ဗျာ။ Windows 7 ဆိုတာကတော့ Winodws Vista နောက်မှာ Microsoft က ထပ်ထုတ်မယ့် OS မဟုတ်လားဗျ။ Windows Vista ထုတ်တာဖြင့် ဘယ်လောက်မှ မကြာသေးဘူး ဘာဖြစ်လို့ Windows 7 ကို ထပ်ထုတ်ရပြန်တာလဲဗျ။ Windows XP နဲ့ Vista ဆိုရင် အချိန်ကာလ တော်တော်လေး ခြားပြီးမှ ထွက်လာပေမယ့် Windows 7 ကျတော့ Vista နဲ့ မကပ်လွန်းဘူးလားဗျာ။

မောင်ပီဇီ – အေးဗျ။ သူတို့ဆီမှာတော့ ခုချိန်မှာ “ဂျော့(ရှ်)ဘုနဲ့ ဗစ်စတာကတော့ Lame Duck တွေပဲ” လို့ ပြောနေကြတာပဲဗျ။ တကယ်တော့ Vista ဆိုတာ Aero ဆိုတဲ့ အပိုင်းနဲ့ Desktop Search အပိုင်းမှာပဲ ထူးထူးခြားခြား ဖြစ်လာပြီး ကျန်တာဘာမှ မထူးဘူးလို့ လူပြိုန်းတွေးတွေး နေမိတာ ကြာပြီဗျ။ ခုထက်ထိ သူတို့ နိုင်ငံမှာတောင် XP ကို ဆက်သုံးပြီး Windows 7 ကို စောင့်မယ်ဆိုပဲဗျ။

မောင်ဒီဘီ – MZ မှာတော့ ကိုရေခဲမီးက Windows 7 Beta ကို စမ်းသပ်ပြီး တွေ့ရှိချက်တွေ ရေးသွားတာ ဖတ်လိုက်ရတယ်ဗျာ။ ပညာရှင်ဆန်ဆန် သုံးသပ်ပြသွားတာ ဖတ်လိုက်ရပါတယ်ဗျာ။ Windows 7 သုံးမယ်ဆိုပြီး ဟန်ပြင်နေတဲ့သူတွေ ဖတ်သင့်ပါကြောင်း ခင်ဗျ။

မောင်ပီဇီ – ကိုရေခဲမီး ဆွေးနွေးသွားတာနဲ့ တင်တော်တော် ပြည့်စုံနေပြီဗျ။ ကျွန်တော်ကတော့ Windows 7 နဲ့ ပတ်သက်ပြီး Windows Secrets က ဘိုးတော်ကြီး Brian Livingston ပြောတာလေးတွေ ပြန်ပြီး တင်ပြချင်ပါတယ်ဗျာ။

မောင်ဒီဘီ – ဟုတ်ကဲ့ခင်ဗျာ … ဒီဘိုးတော်ကြီးက Windows ကောင်းကြောင်းတွေ ပေါက်ပေါက်ရှာရှာ ပြောနေတဲ့ ဘဲကြီးမဟုတ်လားဗျ။

မောင်ပီဇီ – သူ့ဆန်စားတော့ ရဲရပေမပေါ့ဗျာ။ ဒီလိုဗျ Windows ဆိုတာ Vista နဲ့ အများကြီး တူပါသတဲ့ဗျာ၊ Security အပိုင်းအနေနဲ့လည်း အဆင့်လေးဆင့် ခွဲထားပါတယ်တဲ့။ ဒီလိုခွဲထားခြင်း အားဖြင့် အရင်လို ဖွင့်မလား၊ မဖွင့်ဘူးလား မေးတဲ့အတွက် စိတ်ညစ်စရာတွေ မပါတော့ဘူးလို့ ဆိုတယ်ဗျ။ နောက်တစ်ချက်က အခု Windows 7 က Apple ရဲ့ OS ရဲ့ Dock တွေနဲ့ တူနေရတာလဲလို့ မေးတော့ ဘဲကြီး အဖြေက သင်းသဗျ။ အရင်ကတည်းက Windows ဆိုတာ Apple ကို တုပြီး လိုက်လုပ်လာတာပါတဲ့။ ဒီတော့ Windows 7 မှာ Apple ရဲ့ Features တွေ ပါနေတာ မဆန်းဘူးတဲ့။ နောက်ပြီး Apple ရဲ့ Touch နည်းပညာတွေလည်း ပါဦးမယ်ဆိုပဲဗျ။

မောင်ဒီဘီ – တော်တော်လူလည်ကျတဲ့ Windows ပဲနော်ဗျ။

မောင်ပီဇီ – အရင်လိုတော့ အသာရတော့မယ် မထင်ဘူးဗျ။ ခု Mobile ဈေးကွက်မှာပဲ ကြည့်ကြည့်၊ Browser မှာပဲကြည့်ကြည့် Windowsက နောက်ကောက် ကျနေပြီကောဗျ။ ကဲဗျာ အဲဒါလေးတွေ ပြီးတော့ ဒိတ်အောက်နေတဲ့ Security နည်းပညာတွေကို ဆက်သုံးနေတဲ့ Web Page တွေကို သတိပေးထားတဲ့ သတိပေးချက်ကို ဆက်ဆွေးနွေးကြရအောင်ဗျာ။

မောင်ဒီဘီ – အရင်တစ်ခါက MZ မှာ Joomla အရင် ဗားရှင်းကို သုံးနေသူတွေအတွက် Administrator Password ခိုးသွားနိုင်တဲ့ လုံခြုံရေးချို့ယွင်းချက် အကြောင်းကို ကိုတွိတီက သတိပေးသွားတာ ဖတ်လိုက်ရတယ်ဗျ။ ဒီလို Ready-made Script တွေ သုံးနေသူတွေအတွက် Security ပိုင်းမှာ မျက်ခြေ မပြတ်စေဖို့၊ အမြဲ Update လုပ်နေဖို့ လိုအပ်ကြောင်း မှတ်သားလိုက် ရပါတယ်ဗျာ။

မောင်ပီဇီ – ဒီလိုဗျ။ ကျွန်တော်တို့ Secure Web Site တွေကို ဝင်တဲ့အခါမှာ Browser ရဲ့ ဒေါင့်နားလေးမှာ သော့ပုံလေး ပေါ်လာတာ သတိထားမိတယ်မလား။ အဲဒါ လုံခြုံတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်ဗျ။ တရားဝင်ဖြစ်တယ်။ ယုံကြည် စိတ်ချရတဲ့ Third-Party တစ်ခုက အသိအမှတ်ပြု (Certified) ဖြစ်ကြောင်း Certificate ပေးထားလို့ ပေါ်လာတယ်လို့ အဓိပ္ပါယ်ရတယ်ဗျ။

မောင်ဒီဘီ – ဟုတ်တယ်လေဗျာ၊ အွန်လိုင်းမှာ ဈေးဝယ်တော့မယ်ဆိုရင် အဲဒါလေး ပေါ်လားမပေါ်လား စစ်ဖို့လိုတယ်ဆိုတာတော့ ကျွန်တော်သိတယ်ဗျ။

မောင်ပီဇီ – အဲဒီလို Certificate တွေကို သုတေသနသမားတွေက အတုလုပ်လို့ရကြောင်း ထုတ်ပြန် ကြော်ငြာတာပဲဗျ။ အဓိကကတော့ MD5 လို့ ခေါ်တဲ့ နည်းပညာကြောင့်လို့ ဆိုတယ်ဗျ။ MD5 ဆိုတာကတော့ သင်္ချာနည်းနဲ့ တွက်ချက်ပြီး စကားဝှက်လုပ်ပြီး တစ်ဖက်က ပြန်ဖော်တဲ့နည်း ဆိုပါတော့ဗျာ အဲဒီမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ တရုပ်က ပညာရှင်တွေ ရှာတွေ့ခဲ့တာ ၂၀၀၄ ခုနှစ်ကတည်းက ဆိုပါတော့။ ဒါပေမယ့် အဲဒီအချိန်တုန်းက faked certificate တစ်ခုလုပ်ဖို့ ဆိုရင် တွက်ချက်မှုတွေ အများကြီးလုပ်မှ ရနိုင်တယ်ဗျ။ ခုတော့ အဲဒီလို faked certificate တစ်ခုလုပ်ဖို့ သုံးရက်လောက်ပဲ အချိန်ယူရတော့တယ်တဲ့ဗျ။ ခုထက်ထိ အွန်လိုင်းရောင်းဝယ် ဖောက်ကားသူတွေက အဲဒီ MD5 စနစ်ကို အကြီးအကျယ် သုံးနေကြတုန်းပဲတဲ့ဗျ။ အဲဒီလို အသုံးပြုနေတဲ့ Web Site တွေကို faked certificate တွေနဲ့ တိုက်ခိုက်လာနိုင်ကြောင်း ဖတ်လိုက်ရပါသဗျာ။

မောင်ဒီဘီ – အေးဗျာ။ ကျွန်တော်တို့ နိုင်ငံမှာ အွန်လိုင်း ဈေးဝယ်တာတွေ မရှိသေးပေမယ့် ဒါမျိုး အတွေ့အကြုံတွေကိုတော့ မှတ်ထားရမယ်ဗျ။ လောလောဆယ်တော့ ပြည်တွင်း Web Site တွေမှာ Joomla လို Wordpress လို Ready-made Script တွေ သုံးလာတဲ့ အတွက် Security ပိုင်းကို မျက်ခြေမပြတ်ဖို့ တိုက်တွန်းလိုက်ရပါသဗျာ။ သူများနိုင်ငံတွေမှာလို့ Credit Card ထဲက ငွေတွေ ထုတ်မသွားနိုင်ပေမယ့် Site Admin တွေကိုတော့ ကောင်းကောင်း ဒုက္ခပေးသွား နိုင်တယ်နော်ဗျ။

မောင်ပီဇီ – နောက်ဆုံး ဆွေးနွေးမယ့် အပိုင်းကတော့ Backup System အပိုင်းပေါ့ဗျာ။ ကျွန်တော်တို့ တွေ ခုလို Harddisk တွေ အပျက်များတဲ့ အချိန်မှာ ကိုယ့် အချက်အလက်တွေ မဆုံးရှုံးရအောင် Backup လုပ်ထားဖို့ လိုတယ်ဆိုတာ လူတိုင်းသိနေပါတယ်။

မောင်ဒီဘီ – ဟုတ်တယ်ဗျ။ ကျွန်တော်မှာလည်း အဲဒီလို HDD တွေ ပျက်တဲ့ အတွက် ဒုက္ခ ရောက်ပေါင်း မနည်းတော့ဘူးလေဗျာ။

မောင်ပီဇီ – ဒီလိုဗျ Backup လုပ်တဲ့နေရာမှာ File-based နဲ့ Image-based ဆိုတဲ့ အပိုင်းနှစ်ပိုင်း အကြောင်းကို ဆွေးနွေးချင်တယ်ဗျ။ File-based ဆိုတာကတော့ ရှင်းပါတယ်ဗျာ။ ကိုယ်ရေးထားတဲ့ စာတွေ၊ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Backup ထားချင်တယ်ဆိုရင် CD မှာဖြစ်ဖြစ်၊ DVD မှာ ဖြစ်ဖြစ်၊ External HDD မှာဖြစ်ဖြစ်၊ Memory Stick မှာ ဖြစ်ဖြစ် ဖိုင်တွေကို သိမ်းထား လိုက်တာပေါ့ဗျာ။ အဲဒီအတွက်လည်း OS တွေက အထောက်အပံ့ပေးပြီးသားပါ။ အောက်မှာ ကျွန်တော်လင့်တွေ ပေးထားပါမယ် သွားဖတ်ကြည့်နိုင်ပါတယ်။ သူကတော့ အချိန်အားဖြင့် သက်သာတယ်ဗျ။

မောင်ဒီဘီ – အဲဒီလို OS က အထောက်အပံ့ ပေးထားတယ်ဆိုတာ ခုမှ သိတယ်ဗျ။ ကျွန်တော်ကတော့ ဒီအတိုင်း ကူးထားလိုက်တာပါပဲဗျာ။

မောင်ပီဇီ – နောက်ထပ် Backup စနစ်တစ်ခုကတော့ Image Backup လို့ ခေါ်တယ်ဗျ။ သူကတော့ System တစ်ခုလုံးကို Image လုပ်ပြီး သိမ်းထားတယ်ဗျ။ ပြောရရင်ဗျာ OS ရော Program တွေကော အကုန်ပေါ့ဗျာ။ အကောင်းဆုံး အခြေအနေ တစ်ခုကို သိမ်းထာတယ်။ တစ်ခုခု ဖြစ်လို့ System ဒေါင်းသွားတဲ့အခါမှာ အလွယ်တကူ ပြန်တင်နိုင်အောင်၊ နဂိုအခြေအနေအတိုင်း ပြန်ရောက်အောင် လုပ်ပေးနိုင်တယ်ဗျ။ အဲဒီလို လုပ်ပေးနိုင်တဲ့ Software တွေ အများကြီးရှိတယ်ဗျ။ ဘိုးအေကြီးကတော့ Norton Ghost ဆိုတာဗျ။ နောက်တစ်ခုက Acronis True Image Home 2009 ဆိုတာနဲ့ SuperDuper ဆိုတာ ကိုတော့ NYTimes က ညွှန်းထားသဗျ။ အဲဒီလို Backup လုပ်တဲ့နေရာမှာ Online ကနေလည်း ဝန်ဆောင်မှု ပေးထားတဲ့ဆိုက်တွေ ရှိတယ်ဗျ။ ဒီလို Image Backup လုပ်တာက အချိန်တော့ တော်တော် စားတယ်ဆိုပဲဗျ။ ကဲ ဒီတစ်ပတ် ဆွေးနွေးခန်းကတော့ ဒီလောက်ပါပဲဗျာ။ အားလုံးကိုယ် စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေဗျာ။

မောင်ဒီဘီ – ကျွန်တော်ကလဲ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ်ဗျာ။

www.microsoft.com/protect/yourself/data/backup.mspx

မှီငြမ်း – MYSTERY ZILLION မှာ ဆွေးနွေးချက်များ၊ NYTIMES TechTalk PodCast