Archive for the ‘Education’ Category

အခြေခံအဆင့်များကို လျော့ချနိုင်ရေး …

September 7th, 2007
ကျွန်တော် သိသမျှ လူငယ်တွေကို မေးဖြစ်ပါတယ်။ မင်းအခုဘာတွေ လုပ်နေလဲပေါ့။

`ကျွန်တော် ကွန်ပျူတာအခြေခံတက်နေတယ်´
`ကျွန်တော် အင်္ဂလိပ်စာ အခြေခံတက်နေတယ်´
`ကျွန်တော် စာရင်းကိုင် အခြေခံတက်နေတယ်´ စသည်ဖြင့် ဖြေကြပါတယ်။ အားလုံးအဖြေတွေ တော်တော်များများမှာ အခြေခံဆိုတာ တွေပါနေတာပါပဲ။ အားလုံးက အခြေခံတွေထဲမှာ နစ်နေကြပါတယ်။ ဒီအဖြေတွေထဲမှာ စာရင်းကိုင် အခြေခံတက်နေတယ်တို့ Management အခြေခံတက်နေတယ် ဆိုတာတွေကိုတော့ ကျွန်တော် နားလည်နိုင်ပေမယ့် ကွန်ပျူတာတို့ အင်္ဂလိပ်စာတို့ကိုတော့ အခြေခံတွေနဲ့ပဲ နစ်မနေ သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အမှန်က ကျောင်းကတည်းက အခြေခံကို ပိုင်ခဲ့သင့်တယ်လို့ ယူဆပါတယ်။ ထားလိုက်ပါတော့ ….

တကယ်တန်း ကျွန်တော်တို့သွားရမှာက အခြေခံအဆင့်မဟုတ်ပါဘူး။ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အဆင့်မြင့်နေရာတွေပါ။ ဘယ်နယ်ပယ် မှာမဆို အခြေခံထက်မြင့်တဲ့ အဆင့်တွေကို ရောက်ဖို့လိုပါတယ်။ အခုမှ ဆယ်တန်းအောင်ပြီး တစ်နှစ်လောက် ရှိသေးတဲ့သူအတွက် အခြေခံဆိုတာ လက်ခံနိုင်သေးပေမယ့် အသက်သုံးဆယ် အရွယ်တွေလည်း အခြေခံဆိုတော့ ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်မလဲဗျာ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အခြေခံအဆင့်လိုအပ်ချက်တွေကို လျော့ချဖို့လိုပါတယ်။

ကျွန်တော်တို့ ဘယ်လိုလျော့ချ ကြမလဲ။ အခြေခံဆိုတာ လူတိုင်းအလွယ်တကူ ရနိုင်တဲ့အရာ၊ အလကားရတဲ့ အရာ ဖြစ်အောင်လုပ်ပစ် ရပါမယ်။ အခြေခံဆိုတာ ထမင်းစားရေသောက် အဆင့်ရောက်တဲ့ အထိနှိမ့်ချပစ်ကြရပါမယ်။ အခြေခံအဆင့်ကို လူတိုင်း သင်သူလို့ လွယ်ကူအောင် ဖန်တီးပစ်ကြရပါမယ်။ ဖြစ်နိုင်ရင် သင်တန်းကျောင်းတွေအနေနဲ့ အခြေခံအဆင့်အတွက် ပိုက်ဆံမယူပဲ သင်ပေးနိုင် ရပါမယ်။ ဒါကတော့ လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်သေးပါဘူး။ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။

နောက်ထပ်တတ်နိုင်တဲ့ အခြေအနေတစ်ခု ရှိပါသေးတယ်။ Open Learning System ပါ။ Open Learning Movement တွေ လုပ်နိုင်ဖို့ လိုပါတယ်။ ဖိုရမ်တွေဟာ ဒီအတွက် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ဖိုရမ်ကနေ သင်ပေးတာဟာ အခုလက်ရှိမှာ အဆင်အပြေဆုံး အနေအထားတစ်ခု အဖြစ် ကျွန်တော်သုံးသပ်မိပါတယ်။ ဖိုရမ်အသုံးပြုတတ်အောင် ဖိုရမ်ယဉ်ကျေးမှု ထွန်းကားလာ အောင်ကြိုးစားပြီး ဖိုရမ်တွေကနေ အခြေခံအဆင့်တွေကို လျော့ချလို့ရပါတယ်။

နောက်တစ်ချက်က ကလေးဘ၀ကတည်းက ထိရောက်တဲ့ အခြေခံအဆင့် လျော့ချရေး အစီအစဉ်တွေ လုပ်ဖို့လိုပါတယ်။ နွေရာသီကျောင်း ပိတ်ရက်တွေမှာ ပညာဒါနအစီအစဉ်တွေနဲ့ အခြေခံအဆင့်တွေကို တတ်မြောက်အောင် ကြိုတင်ဆောင် ရွက်နိုင်ရင် ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ အဆင့်မြင့်အဆင့်တွေကို တစ်ခါတည်း တက်နိုင်ပါလိမ့်မယ်။ လောလောဆယ် စဉ်းစားလို့ ရသလောက်တော့ ဒီလောက်ပါပဲ။

ကျောင်းသားဗဟိုပြုလား၊ ဆရာဗဟိုပြုလား၊ ဗဟိုချက်မဲ့သွားမှာလား (၂)

June 14th, 2007
(၁) ရှေ့က အိုင်ဒီယာတွေကို အသစ် အသစ်တွေဖန်တီးနေရတဲ့ ပညာရေး (အနောက်နိုင်ငံတွေရဲ့ပညာရေး)

ရှေ့မှဦးဆောင်နေသော ပညာရေးစနစ်များတွင် နယ်ပယ်အလွန်ကျယ်ဝန်းသည်။ ကိုယ်ဝါသနာပါရာကို ကြိုက်သလောက် လေ့လာနိုင်သည်။ ပေါက်ပေါက်မြောက်မြောက်ဖြစ်လာလျှင်လည်း မျိုးမျိုးမြက်မြက်ရ နိုင်သည်။ ဂီတ၊ အနုပညာ၊ သိပ္ပံ၊ နည်းပညာ ကြိုက်ရာ ရွေးချယ်ခွင့်ရှိသည်။ လေ့လာရင် လေ့လာသလောက် တီထွင်ဖန်းတီးနိုင်စွမ်း ရှိရင်ရှိသလောက် အကျိုးခံစားခွင့်အပြည့်ရှိတာတွေ့ရသည်။ ကျွန်တော်ကြားဖူးသော ဆိုရိုးတစ်ခုရှိသည်။ တစ်ယောက်က ဘီးထွင်လျှင် နောက်တစ်ယောက်က ဘီးကိုအသုံးချပြီး ကားထွင်ရမည်။ ပြောရလျှင် အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်းလည်း ရှိကြသည်။ နောက်တစ်ယောက်က ဘီးကိုလိုက်တုဖို့မစဉ်းစား ဘီးကို အသုံးချပြီး ကားကိုတီထွင်ဖို့စဉ်းစားသည်။ အရင်လူတီထွင်ခဲ့သော ဘီး၏ အားနည်းချက်များကို လေ့လာပြုပြင်ပြီး ပို၍ကောင်းသော အကောင်းဆုံးဖြစ်အောင် ကြိုးစားကြသည်။ ကျောင်းသားဗဟိုပြုပညာရေးစနစ်၏ အနှစ်သာရအပြည့်အ၀ရှိသည်။ လွပ်လပ်စွာတွေးခေါ်မျှော်မြင်ရေး၊ ဘောင်အကန့်အသန့်မဲ့ တော်လှန်ပြောင်းလဲရေး စသည်ဖြင့် အတွေးအခေါ်တွေ လွတ်လပ်ကြသည်။ သူတို့မှာ တရားသေဆိုတာမရှိ အားလုံးပြောင်းလဲနိုင်သည်။ သဘောအရပြောရလျှင် uncertainty နဲ့ Fragile လို့ပြောရင်ရမည်ထင်သည်။ အကဲဆတ်သည်၊ ဘာမှမရေရာပြောင်းလဲသွားနိုင်သည်။

(၂) ရှေ့ကဖန်တီးသွားတဲ့ အိုင်ဒီယာတွေကို လိုက်မှီအောင်သင်ယူပြီး အိုင်ဒီယာလက်ဝေခံအနေနဲ့ သင်ယူရတဲ့ ပညာရေး (အိန္ဒိယပညာရေး)

နောက်ပညာရေးအမျိုးအစားတစ်ခုသည် ရှေ့ကဦးဆောင်သူ၏ တီထွင်သွားသော အိုင်ဒီယာများကို အသုံးချပြီး အလုပ်ဖြစ်ရေးအတွက် ဖော်ဆောင်ရန်ဖြစ်သည်။ ရှေ့ကလူက leader ဆိုလျှင် နောက်ကလူက မန်နေဂျာနှင့်တူသည်။ အသစ်အသစ်ဖြစ်ထွန်းလာသော အိုင်ဒီယာများကို အသားကျအောင်၊ ဂဃနဏသိအောင်လုပ်ရသည်။ အသုံးချနိုင်သည့်အဆင့်ကို ရောက်သည်အထိ လေ့လာသင်ကြားဖို့လိုသည်။ Adaptable ဖြစ်ဖို့လိုသည်။ အိုင်ဒီယာလက်ဝေခံအဖြစ် ရပ်တည်နိုင်ဖို့လိုသည်။ ရှေ့ကလူက အိုင်ဒီယာကိုတီထွင်သည်။ နောက်လူက အိုင်ဒီယာကို တည်မြဲအောင်လုပ်သည်။ ပြန့်ပွားအောင်လုပ်သည်။ ဥပမာပေးရလျှင် ဘီလ်ဂိတ်က Microsoft ကိုတည်ထွင်သည်။ အိန္ဒိယက Microsoft ၏ အိုင်ဒီယာကို လက်ဝေခံလုပ်ပြီး Outsourse လုပ်သည်။ ရှေ့ကသွားသူအတွက် အနာဂတ်ကမရေရာ ထွေပြားသည်။ နောက်ကလိုက်သူအတွက်ကတော့ အနာဂတ်ရှိသည်။ ရည်မှန်းချက်ရေရေရာရာရှိသည်။ “ကမ္ဘာပြားပြီ” ထဲတွင် တောမတ်ဖရီးမင်းက အိန္ဒိယလုပ်ငန်းရှင်ကိုမေးသည်။

“ခင်ဗျားတို့ နောင်အနာဂတ်အတွက် ဘယ်လိုရည်မှန်းထားသလဲ”
ဒီတော့ အိန္ဒိယလုပ်ငန်းရှင်ကလေးအေးအေးနဲ့ပြန်ဖြေသည်။

“ကျွန်တော်တို့ နောင်ဆယ်နှစ်လောက်ကြာရင် ဖြစ်ရမယ့်ရည်မှန်းချက်က ရှင်းရှင်းလေးပဲ။ ခင်ဗျားတို့အခု ရောက်နေတဲ့နေရာကိုရောက်ဖို့ပေါ့”

အိုင်ဒီယာလက်ဝေခံအနေနှင့်သင်ကြားရခြင်းသည် လားရာတိကျသည်။ ဦးတည်ချက်ရှိသည်။ တစ်ခုတော့ရှိ သည်။ အရှိန်အဟုန်နှင့်လျင်မြန်စွာပြောင်းလဲနေသော ပညာရေးများတွင် အမှီလိုက်နိုင်စွမ်းအားလိုသည်။ Dynamic ဖြစ်ဖို့လိုသည်။ အမှီလိုက်နိုင်ဖို့အတွက် ပြေးလမ်းရှင်းဖို့လိုသည်။ လမ်းတွင် အခက်အခဲအတား အဆီးများမရှိအောင်ထားရသည်။ ဘာသာစကားအခက်အခဲမရှိအောင်၊ နည်းပညာအထောက်အပံ့ပြည့် စုံအောင်ထားရသည်။ အိန္ဒိယနိုင်ငံသည် အိုင်ဒီယာလက်ဝေခံတို့တွင် ထိပ်တန်းဖြစ်သည်။ ဒီလိုပညာရေးမျိုးမှာကော ကျောင်းသားဗဟိုပြုပညာရေး အပြည့်အ၀ရှိပါ၏လော။ ကျွန်တော့်အမြင် ပြောရလျှင် ကျောင်းသားဗဟိုသိပ်ပြုလို့မဖြစ်ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် အိုင်ဒီယာလက်ဝေခံများ အတွက် အိုင်ဒီယာများသည် အကန့်အသတ်ရှိသည်။ ဘောင်ရှိသည်။ စည်းဘောင်မရှိ လွတ်လပ်သော တွေးခေါ်မျှော်မြင်မှုထက် စနစ်ကိုဦးစားပေးသည်။ ဆရာဗဟိုသိပ်ပြုလွန်း၍လည်း မဖြစ်နိုင်ချေ။ တီထွင်နိုင် စွမ်းလည်း ရှိသင့်သလောက်ရှိဖို့လိုသည်။ ဆရာများသည် ဆရာဘဘောထက် Mentor သဘောဆန်သည်။ ရှေ့ကဦးဆောင်သင်ကြားပေးသည်ထက် ဘေးက ဖေးမကူညီပေးရသည်ကပိုများသည်။ ဒါကတော့ ဒုတိယအမျိုးအစားအပေါ်ကျွန်တော့်အမြင်ဖြစ်သည်။

ကျောင်းသားဗဟိုပြုလား၊ ဆရာဗဟိုပြုလား၊ ဗဟိုချက်မဲ့သွားမှာလား (၁)

June 11th, 2007
ကျောင်းသားဗဟိုပြုပညာရေးစနစ်အကြောင်းကို စဉ်းစားမိတော့ ကျွန်တော်အတွေးတွေဝင်လာပါတယ်။ ကျောင်းသား ဗဟိုပြုဆိုတာဘာလဲ၊ ဆရာဗဟိုပြုဆိုတာဘာလဲ။ ကျွန်တော်တွေးမိသလောက်လေးတွေ ချရေးထားတာပါ။

ကျောင်းသားဗဟိုပြုပညာရေးစနစ်ကိုကြည့်မယ့်ဆိုရင် အမေရိကန်နိုင်ငံနဲ့တကွ အနောက်နိုင်ငံက ပညာရေးစနစ် တွေကိုပြေးမြင်ပါလိမ့်မယ်။ သူတို့ပညာရေးစနစ်မှာ ကျောင်းသားတွေကို တံခါးကျယ်သထက်ကျယ်အောင်ဖွင့်ပေး ပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေကို မြေတောင်မြောက်ပေးပါလိမ့်မယ်။ တက္ကသိုလ်တစ်ခုကို ကြည့် လိုက်ရင်၊ ကျောင်းတစ်ခုကိုကြည့်လိုက်ရင် အားကစားဆိုရင် အားကစား၊ စမ်းသပ်ပစ္စည်းကိရိယာဆိုရင်လည်း အပြည့်အစုံ၊ အနုပညာဆိုရင်လည်း အနုပညာ၊ ကဏ္ဍစုံရှိတာတွေ့ရပါမယ်။ သူတို့ရဲ့ခံယူချက်တွေကိုကြည့်မယ်ဆိုရင် အိုင်ဒီယာတွေသစ်ရေး၊ ရှေ့က ဦးဆောင်နိုင်ရေး၊ လွပ်လပ်စွာတွေးခေါ်မျှော်မြင်ရေးတွေဖြစ်နေပါလိမ့်မယ်။ ယှဉ်ပြိုင်မှုဝန်းကျင် အလွန် သိပ်သည်းပါတယ်။

ဆရာဗဟိုပြုပညာရေးစနစ်တွေကို အရှေ့တိုင်းတွေမှာ အတွေ့များပါတယ်။ ဆရာတွေသင်တဲ့အတိုင်း တစ်သွေမတိမ်း လိုက်နာဆောင်ရွက်စေခြင်းကို အဓိကထားပါတယ်။ သဒ္ဒါအားကောင်းဖို့လိုပါမယ်။ ဆရာမှာတဲ့အတိုင်း ဆရာပြောတဲ့အတိုင်း ပုံစံခွက်ထဲကို ရိုက်သွင်းတဲ့ပုံစံမျိုးပါ။ ယဉ်ကျေးမှုအစဉ်အလာအရ လည်း ဒီလိုမျိုး
ဝန်းကျင်တွေမှာနေလာကြရတဲ့အတွက် ပုံစံသေနေကြပါတယ်။ ဆရာတစ်ယောက်ခြင်းစီရဲ့ အရည်အချင်းအပေါ်မှာ အများကြီးမူတည်ထားတာတွေ့ရပါမယ်။

ကျွန်တော့်အမြင် ပညာရေးအဆင့်အတန်း သုံးမျိုးရှိပါတယ်။
(၁) ရှေ့က အိုင်ဒီယာတွေကို အသစ် အသစ်တွေဖန်တီးနေရတဲ့ ပညာရေး (အနောက်နိုင်ငံတွေရဲ့ပညာရေး)
(၂) ရှေ့ကဖန်တီးသွားတဲ့ အိုင်ဒီယာတွေကို လိုက်မှီအောင်သင်ယူပြီး အိုင်ဒီယာလက်ဝေခံအနေနဲ့ သင်ယူရတဲ့ ပညာရေး (အိန္ဒိယပညာရေး)၊
(၃) အိုင်ဒီယာ အဟောင်းတွေထဲမှာ တစ်ဝဲ၀ဲလည်နေတဲ့ ပညာရေး (အရှေ့တောင်အာရှမှ နိုင်ငံတစ်ချို့ရဲ့ ပညာရေး)

ဆက်ပါဦးမယ် …