Archive for the ‘Experience’ Category

နိုင်ငံခြားက ပြန်လာတယ်လား (၁)

June 7th, 2009

ကျွန်တော် ဒီစာကိုရေးဖြစ်တာ မကောင်းမြင်ဝါဒနဲ့ ရေးတာမဟုတ်ဘူးဆိုတာ အရင်ဆုံးပြောချင်ပါတယ်။ ဒါပေမယ့် တွေ့နေရ မြင်နေရတာလေးတွေကို ရေးလိုက်တဲ့အခါ တစ်ခြားသူတွေပါ ပြင်ဆင်သင့်တာတွေ ပြင်ဆင်လို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။

ပထမဦးဆုံးတစ်ယောက်က ကိုကကြီးလို့ ထားလိုက်ပါ။ သူက မလေးမှာ ဆယ်နှစ်နီးပါးလောက် အလုပ်သွားလုပ်တယ်။ ပြီးတော့ ပိုက်ဆံ အတော်အသင့် စုဆောင်းပြီး ပြန်လာတယ်။ ဒီရောက်တော့ မိန်းမ ငယ်ငယ်လေးယူတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုတော့ မလုပ်တတ်ဘူး။ သူ ဟိုမှာ လုပ်ခဲ့သလိုမျိုး မဟုတ်တော့ စီးပွားရေးကို စမယ်လုပ်လိုက် ပျက်သွားလိုက်နဲ့ စိတ်ဓာတ်တွေ ကျကျလာပုံရတယ်။ နေ့တိုင်း အရက်ပဲ ဖိတွယ်နေတယ်။ ပြန်သွားဖို့ကျတော့လည်း မလွယ်တော့ဘူး။ ဒီတော့ ထိုင်စား အရက်သောက်၊ အရက်သောက် ထိုင်စားနဲ့ပဲ လုံးပါးပါးလာတယ်။ ကလေးလေး တစ်နှစ်နဲ့ ရှစ်လလည်းကျရော မာလကီးယားသွားရော … ကလေးတစ်ယောက် မိန်းမတစ်ကောင် (အဲလေ) မိန်းမ တစ်ယောက် ကျန်ခဲ့တယ်။ အဲဒါနဲ့ မိန်းမလည်း သူ့အမေအိမ်ပြန်သွားရတယ် ဆိုပါတော့ ….

နောက်တစ်ယောက်က ကိုခခွေး။ သူကတော့ တစ်မျိုး။ သူက ဟိုမှာ ကျစ်ကျစ်ပါအောင် စု၊ ရှာ။ အိမ်ကို ပြန်ပို့။ အိမ်ကက အမေအရင်းနဲ့ မိန်းမရှိတယ်။ ကလေးလည်း နှစ်ယောက်လောက် ရှိမယ် ထင်တယ်။ သူ့အမေကလည်း ချဲ၊ နှစ်လုံး ဝါသနာအိုး။ သူ့အမေလုပ်တော့ သူ့မိန်းက လိုက်လုပ်တယ်။ ကိုခခွေးနဲ့ ဖုန်းပြောရင်တော့ ဘယ်လောက်ရှိနေပြီ။ ဘယ်လို စီးပွားရေးတွေ လုပ်နေတယ် စသဖြင့် လိမ်ကြတယ်။ သူကတော့ တွက်ရေးနဲ့ စက်သဌေးပေါ့။ ပြန်လည်းလာရော အိမ်ပါ အပေါင်ဆုံးနေတယ်။ မိန်းမလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ ကလေးတွေက ကိုခခွေး အမေနဲ့ ထားပစ်ခဲ့တယ်။ သူလည်း အရက်ခွက်ထဲ မျောသွားတာပါပဲ။ အသက်တော့ ရှင်နေသေးတယ်ပေါ့။

နောက်တစ်ယောက်က ကိုဂကြီး။ သူကတော့ သင်္ဘောသား။ လုပ်သက်လည်း ရင့်နေပြီဆိုတော့ ရေကလည်း လျှံတယ်။ သူပြန်လာတဲ့ အချိန်မှာတော့ သူ့မိန်းမက ရွှန်းရွှန်းဝေလို့ …. ကိုယ်ရေ မောင်ရေဆိုတာတွေကို ပါးစပ်က မချဘူး။ သူသင်္ဘောပြန်တက်ဖို့ လေယဉ်ပေါ်ရောက် ရုံရှိသေးတယ်။ လင်ငယ်က အိမ်ပေါ်ရောက်နေပြီ။ အင်း သူကတော့ ဆိပ်ကမ်းကပ်တာနဲ့ ဟိုနားဒီနား သွားနေကြဆိုတော့ ဘဲစားဘဲကျေ ပေါ့ဗျာ ….

ဇရပ်လေးတစ်ဆောင်

May 11th, 2009

ဇရပ်လေးတစ်ဆောင်

ဇရပ်လေးတစ်ဆောင်

ဆေးမသုတ်ရသေးခင် ရိုက်ထားတဲ့ ပုံပါ။ အချောသတ်တော့ အားလုံးပြီးသွားပါပြီ။ ခုတော့ ဆေးသုတ်လို့လည်း ပြီးသွားပါပြီ၊ ဓာတ်ပုံမရိုက်ရလို့ မတင်ရသေးတာပါ …..

ဇရပ်လေးတစ်ဆောင်

May 8th, 2009

ကျွန်တော် ဒီစိတ်ကူးတွေကို ရနေခဲ့တာ ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ရှိခဲ့တဲ့ စိတ်ကူးဆိုရင်လည်း မမှားပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သဲအင်းကို ကျွန်တော် မိုက်မဲစွာရောက်သွားခဲ့ပါတယ်။ တရားစခန်းတစ်ခုကို မိုက်မဲစွာရောက်ရှိသွားခဲ့တယ်လို့ ရေးရတာ ကျွန်တော် အဲဒီအချိန်က တရားထိုင်ဖို့ ဘဝနာအရေးလုပ်ဖို့ စိတ်တောင် မကူးသေးတဲ့အချိန်။ သူငယ်ချင်းတွေနဲ့ ပျော်မယ်ပါးမယ်။ စားမယ်သောက်မယ် ဆိုတဲ့ အချိန်ပဲ ရှိပါသေးတယ်။ အဲဒီ မှော်ဘီ အစွန်နားမှာရှိတဲ့ သဲအင်းဂူဆိုတာ အဲဒီအချိန်က တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ သူငယ်ချင်းက ဘုန်းကြီး ဝတ်မယ်၊ အလှူရှိတယ် လိုက်ခဲ့လို့ ဆိုလာပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အဲဒီမှာ အရက်သောက်လို့ ရလားဆိုတော့၊ ရတယ်တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း လိုက်သွားဖြစ်ပါတော့တယ်။

တရားထိုင်ဖို့ သွားတာမဟုတ်ပဲ အရက်သောက်ဖို့ သွားတာဖြစ်လို့ မိုက်မဲစွာရောက်ရှိသွားခြင်းလို့ ကျွန်တော်ဆိုချင်တာပါ။ ဒါပေမယ့် အဲဒီလို မိုက်မဲစွာ ရောက်ရှိသွားခြင်းကပဲ အဲဒီမှာ ဇရပ်လေးတစ်ဆောင် လှူချင်စိတ်တွေ ဖြစ်လာမိတာပါပဲ။

အဲဒီ တရားစခန်းမှာ ထူးခြားတဲ့ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ မိသားစုအလိုက် တရားသွားထိုင်လို့ ရတာပါပဲ။ အဲဒီမှာ မိသားစုလိုက် ချက်ပြုတ်စားသောက်လို့ ရပါတယ်။ မိသားစုအလိုက် အလှူအတန်းတွေ လုပ်လို့ရပါတယ်။ မိသားစုအလိုက် တရားထိုင်လို့ရပါတယ်။ အဲဒီလိုထူးခြားချက်က လူတိုင်းတရားစခန်းရောက်ဖို့ တွန်းပို့နေသလိုဖြစ်စေပါတယ်။ မိသားစုဝင်တွေသွားတော့ ကိုယ်လည်းလိုက်သွား။ ဟိုရောက်တော့ သူများတရားထိုင်တာတွေကို ကြည့်၊ ပြီးရင် ကိုယ်လည်း ဝင်ထိုင်။ တစ်ဖြည်းဖြည်းနဲ့ တရားထိုင်တဲ့ အလေ့အကျင့် ရလာစေပါတယ်။ ဒီလို ထူးခြားတဲ့ ထူးခြားချက်ကို စဉ်စားမိတော့ ငါလည်း ငါ့မိသားစုဖြစ်လာရင် တရားစခန်းကို တစ်မိသားစုလုံး သွားထိုင်ကြမယ်။ အဲဒီအတွက် ဒီမှာ ဇရပ်လေး တစ်ဆောင် လှူချင်လိုက်တာ။ အဖေနဲ့ အမေတို့ကိုလည်း ငါ့လို တရားထိုင်စေချင်လိုက်တာ။ ငါ့မိတ်ဆွေတွေ၊ ငါ့သူငယ်ချင်းတွေ၊ လူအများ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိသားစုအလိုက် တရားအားထုတ်နိုင်ဖို့ ဇရပ်လေး တစ်ဆောင် လှူချင်လိုက်တာ ဆိုပြီး စိတ်ထဲမှာ ဖြစ်လာခဲ့ပါတယ်။

အဲဒီလို မျှော်လင့်ချက်က ဆယ်နှစ်အကြာမှာ လက်တွေ့အကောင်အထည် ပေါ်လာပါတော့တယ်။

တစ်နေ့ သဲအင်းဂူကိုရောက်တော့ ဆရာတော် ဦးပုညသေဋ္ဌက ပြောပါတယ်။ တကာကြီး အတွက် ဇရပ်ဆောက်ဖို့ မြေကွက်တစ်ကွက် ဦးပဇဉ်းစီစဉ်ထားတယ်။ လိုက်ကြည့်ဆိုတာနဲ့ မြေကွက်လေးကို သွားကြည့်တော့ ကျောင်းတော်ကြီးနဲ့လည်း မဝေးတဲ့၊ တရားထိုင်တဲ့ အရိယာသိမ်တော်ကြီးနဲ့လည်း မဝေးတဲ့ နေရာမှာ ဖြစ်နေတာတွေ့လိုက်ရပါတယ်။

ကျွန်တော်လည်း ဇရပ်လှူချင်စိတ်တွေ အရမ်းဖြစ်နေပေမယ့် ကိုယ့်မှာ စုထားတဲ့ ငွေလေးက နည်းနေတော့ စိတ်ထဲမှာ ထင့်နေပါတယ်။ ဒါပေမယ့် မဖြစ်ဖြစ်အောင် လုပ်တော့မယ်ဆိုပြီး စိတ်ထဲမှာ ပိုင်းဖြတ်ထားလိုက်ပါတယ်။ ငါဒီနေရာမှာ ဇရပ်လှူဖို့ သေချာတယ်ဆိုရင် ဖြစ်သွားမှာပဲ ဆိုပြီး စိတ်ထဲမှာ ထားလိုက်ပါတယ်။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အဖေနဲ့ အမေကို ပြောပါတယ်။ အဖေရော အမေပါ ဇရပ်လှူဖို့ စိတ်ဝင်စားတာ တွေ့လို့ ငါတော့ လှူရတော့မှာပဲ ဆိုပြီး စိတ်ထဲမှာ အတိုင်းမသိ ပိတိဖြစ်မိပါတယ်။ ဒါပေမယ့် အဖေတို့ ပေးမယ့်ငွေက နည်းနေပါသေးတယ်။ သဲအင်းဂူမှာ တရား မထိုင်ဘူးသေးတဲ့ အဖေနဲ့ အမေက သဒ္ဒါစိတ်တော့ နည်းနေပါသေးတယ်။

ဒီလိုနဲ့ ဘာပဲဖြစ်ဖြစ် နီးစပ်ပြီ။ နည်းနည်းရ နည်းနည်းစမယ်ဆိုပြီး တံခါးအဟောင်းတွေ သွားဝယ်။ ဘိလပ်မြေတွေဝယ်နဲ့ လုပ်နေပါတယ်။ ဒီလိုအချိန်မှာပဲ ကျွန်တော့် ဇနီးရဲ့ အဖေနဲ့ အမေကလည်း လှူမယ်ဆိုပြီး ငါးသိန်းစလှူပါတယ်။ ဒီလို လုပ်စရာရှိတာတွေ ဆက်လုပ်နေရင်း အဖေနဲ့ အမေကလည်း တရားထိုင်တဲ့ဖက်ကို အားသန်သထက် အားသန်လာပါတယ်။ အဲဒီလို အားသန်လာတဲ့ စိတ်က ဇရပ်လှူဖို့အတွက် တိုးတိုးပြီး သဒ္ဒါပေါက်လာစေပါတယ်။ ဒီလိုနဲ့ ဇရပ်ကလေးကို အချောသတ်အဆင့်ထိ ရောက်သွားပါတော့တယ်။

အဲဒီလို အချောသတ်အဆင့် ရောက်သွားပေမယ့် နောက်ဆုံးကျန်နေတာ ဆေးသုတ်ဖို့ လက်သမားဆရာအတွက် လက်ခအနည်းအကျဉ်းနဲ့ ခြံစည်းရိုးခတ်ဖို့ ကျန်နေပါတယ်။ အဲဒီအချိန်မှာ စင်္ကာပူမှာရှိတဲ့ သူငယ်ချင်း ခွန်လေဆာနဲ့ အကိုကြီး တစ်ယောက်လိုခင်ရတဲ့ ကိုဒီဘီအေတို့ကို ပြောဖြစ်ပါတယ်။ အဲဒီမှာ သူတို့ကလည်း လှူမယ်ဆိုတော့ နောက်ဆုံးအချောသတ် ဆေးသုတ်တာ အားလုံးပြီးသွားပါတော့တယ်။ ဒါပေမယ့် ခြံစည်းရိုးအတွက်ကတော့ နည်းနည်း ကျန်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကမကထပြုတဲ့ ဇရပ်တစ်ဆောင် အထမြောက် အောင်မြင်သွားပါပြီ။

ဒီတော့ အဖေနဲ့ အမေ၊ ထက်ထက်ရဲ့ အဖေနဲ့ အမေ၊ ကျွန်တော့်မိသားစု၊ ကျွန်တော့် မိတ်ဆွေတွေ၊ ကျွန်တော့်သူငယ်ချင်းတွေ၊ သဲအင်းဂူ တရားစခန်းကို ရောက်ကြမယ့် သူတွေအားလုံး တရားအားထုတ်နိုင်ကြပါပြီ။ ပူပင်ကြောင့်ကြကင်းစွာ တရားအားထုတ်နိုင်ကြပါပြီ။

ကျွန်တော့် ဘဝမှာ အပျော်ဆုံးနေ့တွေထဲမှာ တစ်နေ့ အပါအဝင်အဖြစ် မှတ်တမ်းဝင်နေတော့မှာ ဖြစ်ပါတယ်။

အိုဇာတာ

April 29th, 2009

ကျွန်တော်လည်း အလုပ်တွေများနေတာနဲ့ ဘလော့ဖက် မလှည့်ဖြစ်တာ တော်တော်ကြာနေပါပြီ။ ခုတော့ အမြင်မတော်တာလေး တစ်ခုတွေ့လို့ ရေးရပါဦးမယ်။ တစ်နေ့က ကျွန်တော် လှူထားတဲ့ ဇရပ်အတွက် ဆေးသုတ်ဖို့ ဆေးသွားဝယ်ပါတယ်။ အဲဒီလိုဆေးသွားဝယ်ရင်း အိမ်သုတ်ဆေးဆိုင်နားက လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။

အဲဒီလိုထိုင်နေရင် အသက်ရှစ်ဆယ်လောက် ရှိမယ့် အဖိုးကြီး တစ်ယောက် လက်ဖက်ရည်ဆိုင်ရှေ့မှာ ထိုင်ချလိုက်တာ တွေ့ရပါတယ်။ နေကလည်း အတော်ပြင်းနေတဲ့ အချိန်ပါ။ ကျွန်တော်လည်း အဘ ဘာများဖြစ်လို့လဲပေါ့။ ထိုင်ချပြီး မကြာပါဘူး။ အန်ပါတော့တယ်။ အန်တာမှ စားထားသမျှ အကုန်ပဲ။ အဲဒါနဲ့ စားပွဲထိုးတွေရယ် ဆိုင်ရှင်ရယ် ကျွန်တော်ရယ် အဘကို ဆိုင်ထဲ့ ဆွဲသွင်းကြပါတယ်။ ဦးထုတ်တစ်လုံး၊ တုတ်ကောက် တစ်ချောင်းပဲ ပါပါတယ်။ ဆိုင်ထဲလည်း ရောက်ရော ထိုင်ခုံပေါ်မှာတောင် မထိုင်နိုင်တော့ပါဘူး။ ဒီအတိုင်း ကြမ်းပြင်မှာ ထိုင်နေရပါတယ်။ အဲဒီလိုထိုင်နေရင်း ဆိုင်ရှင်ကလည်း ယက်ခတ်ပေးနေပါတယ်။ အဘကြည့်ရတာ အခြေအနေမဟန်တော့ပါဘူး။

ဒီတော့ ကျွန်တော်လည်း ဆိုင်ရှင်ကို ပြောရပါတယ်။ အဘကြည့်ရတာ အခြေအနေမဟန်ဘူးပေါ့။ ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ် ပို့မှ ဖြစ်တော့မယ်ပေါ့။ ဒီတော့ ဆိုင်ရှင်က ဒီအဘကို သူသိတဲ့အကြောင်း ဟိုဖက် တစ်ဆိုင်ကျော်က သူ့ညီရဲ့ဆိုင်ဖြစ်တဲ့ အကြောင်း ဒီနားတစ်ဝိုက်မှာလည်း အဘအမျိုးတွေရှိကြောင်း၊ သူလည်း အကြောင်းကြား ထားတဲ့အကြောင်း ပြောပါတယ်။

ကျွန်တော်လည်း ဆက်ပြီးမေးကြည့်တော့ အဘက အခု သူ့သမီးတစ်ယောက်နေတဲ့ လှိုင်သာယာမှာ လိုက်နေတာဖြစ်ကြောင်း၊ ဒီကိုလာလာပြီး လက်ဖက်ရည် သောက်တတ်ကြောင်း သိရပြန်ပါတယ်။ ကျွန်တော်လည်း သူ့အမျိုးတွေများ လာမလားဆိုပြီး ထိုင်စောင့်နေပါတယ်။ အဘကြည့်ရတာတော့ သတိမရတော့ပါဘူး။ ဆယ့်ငါးမိနစ်လောက် ကြာတော့လည်း မလား၊ နာရီဝက်ကြာတော့လည်း တစ်ယောက်မှ မလာကြပါဘူး။ အဘကိုတော့ စားပွဲထိုးလေးက ယက်ခတ်ပေးနေပါတယ်။ ကျွန်တော်လည်း ကူညီသင့်တာရှိရင် ကူညီရအောင် ထိုင်စောင့်နေပါတယ်။

ကြာလာတော့ ကျွန်တော်လည်း စိတ်မရှည်တော့ပါဘူး။ ဆိုင်ရှင်ကို ကျွန်တော်တို့ ကူညီလိုက်လို့ မဖြစ်ဘူးလားဆိုတော့။ ကျွန်တော်တို့ ကူညီလိုက်မယ်ဆိုရင် နာရေးအထိပါ ကူညီရမှာဗျ။ သူ့အမျိုးတွေ အကြောင်း ကျွန်တော်သိတယ်တဲ့။ ဆိုင်က စားပွဲထိုးလေးကို သူ့သမီးဆီကို လွတ်ထားတယ်တဲ့။ မရရအောင် ခေါ်ခဲ့ဖို့လည်း မှာထားတယ်တဲ့။
ကျွန်တော်စိတ်ထဲမှာ တော်တော် မကောင်းဖြစ်သွားပါတယ်။ အဘလည်း အိုဇာတာ မကောင်းလိုက်တာပေါ့။ တကယ်ဆို တစ်ယောက်လောက်တော့ ရောက်အောင်လာပြီး ဆေးရုံပို့ဖို့ စီစဉ်သင့်တယ်ဆိုပြီး တွေးနေမိပါတယ်။ ကိုယ်ကူညီလိုက်မယ် ဆိုပြန်ရင်လည်း နာရေးအထိပါ ကူညီရမယ်ဆိုတဲ့ ဆိုင်ရှင်ပြောတဲ့ အခြေအနေကို သိနေပြန်တော့ ဘယ်လိုလုပ်ပေးရမှန်း မသိတော့ပါဘူး။

ဒီလောက် အသက်အရွယ်ရောက်နေတဲ့ လူတစ်ယောက်ကို ကူညီစောင့်ရှောက်ဖို့ ဘယ်လောက်ပင်ပန်းလို့လဲဗျာ။ သားသမီး ကျောထောက်နောက်ခံ မရှိတာလည်း မဟုတ်၊ ပိုက်ဆံ မရှိကြတာလည်း မဟုတ်။ တော်တော် နေနိုင်ကြတာကိုလည်း အံ့သြမိပါတယ်။ အဘဖက်က ကြည့်ပြန်တော့လည်း ဘယ်လို အကုသိုလ်ကံက ကူညီမယ့်သူ မရှိအောင် တားဆီးနေမှန်းမသိ။ အဘရဲ့ အမျိုးတွေဖက်က ကြည့်ပြန်တော့လဲ အကုသိုလ်ကံတွေ ယူနေကြပါလားဆိုပြီး စိတ်မကောင်း တော်တော်ဖြစ်ရပါတယ်။

ဒီလိုတွေးနေရင်း တစ်လောက ဆုံးသွားတဲ့ အဖွားကို သတိရပါတယ်။ အဖွားကတော့ အိုဇာတာ ကောင်းတယ်လို့ ဆိုရပါမယ်။ အိုတဲ့အချိန်မှာ သားသမီးတွေ၊ မြေးတွေကအစ အဖွားကို ဂရုစိုက်ကြပါတယ်။

အော် ဘဝတွေများ တယ်ကြောက်စရာ ကောင်းပါလားဗျာ။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို အဘကတော့ ဖြစ်သူအဟောင်းထဲမှာပါနေပါတယ်။ အဘရေ ဒီဘဝမှာပဲ အဘရဲ့ ဒုက္ခတွေ ကုန်ပါစေဗျာလို့ ဆုတောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါ။

ကျွန်တော်နှင့် စာရေးခြင်း

March 29th, 2009

ကျွန်တော် ဆယ်တန်းလောက်တုန်းကပေါ့။ ကျွန်တော် သင်္ချာကျူရှင်တစ်ခု တက်ပါတယ်။ ကျန်တဲ့ကျူရှင်တွေကို ပြေးရင်ပြေးမယ်။ အဲဒီကျူရှင်ကိုတော့ဘယ်တော့မှ မပြေးပါဘူး။ အချိန်အစောကြီး သွားတတ်သလို အဲဒီမှာရှိတဲ့ ဆရာရဲ့သားသူငယ်ချင်းနဲ့လည်း သွားပြီး အိပ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကျူရှင်မှာရှိတဲ့ အပေါ်ထပ် (ပြောရရင်တော့ ထပ်ခိုးအဆင့်လောက်ပဲ ရှိပါတယ်) ကို သဘောကျလို့ပါ။ ကျူရှင်ကို ရောက်ပြီဆိုတာနဲ့ အပေါ်ထပ် ထပ်ခိုးပေါ် တစ်ခါတည်း တက်တော့တာပဲ။ အဲဒီအပေါ်ထပ်မှာ သူငယ်ချင်းကလည်း အမြဲရှိနေတတ်တယ်လေ။ ထပ်ခိုးကို သဘောကျတယ်ဆိုလို့ တစ်မျိုး မထင်လိုက်ပါနဲ့။ အဲဒီထပ်ခိုးပေါ်မှာရှိတဲ့ စာအုပ်တွေကြောင့်ပါ။ ထပ်ခိုးတစ်ခုလုံး စာအုပ်တွေနဲ့ ပြည့်နေပါတယ်။

ထပ်ခိုးလေးရဲ့ အလင်းရောင်ဝင်တဲ့အပိုင်းမှာ သွားထိုင် ဒဂုံမဂ္ဂဇင်း အထူကြီးတွေထဲက မှော်ဆရာမှတ်တမ်းဆိုတဲ့ အခန်းကို အရင်ဆုံးဖတ်တာ မှတ်မိပါသေးတယ်။ အဲဒီနောက် ဆရာကြီး ရွှေဥဒေါင်းစာအုပ်တွေ။ ဆရာကြီး သော်တာဆွေ။ ဆရာကြီး သိပ္ပံမောင်ဝ။ အစုံလျောက်ဖတ်ပါတယ်။ ဒီလိုဖတ်ရင်းနဲ့ သူတို့လို စာတွေရေးချင်လာပါတယ်။ အဲဒီကနေ စာရေးချင်တဲ့ ဆန္ဒဖြစ်တည်လာတယ်လို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒါပေမယ့် သူတို့လို ကြိုးစားပြီး ရေးကြည့်တော့ ဘာမှလည်း ရေးလို့ မရတာ တွေ့ရပါတယ်။ ဒီတော့ စာတွေပဲ လှိမ့်ဖတ်ဖြစ်ပါတော့တယ်။

နောက်ပိုင်း အင်္ဂလိပ်စာတွေလေ့လာဖြစ်ပါတယ်။ အဲဒီလိုလေ့လာရင်း Newsweek ကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်ပြန်ပါတယ်။ အဲဒီလို ဖတ်ဖြစ်ရင်းနဲ့ ကျွန်တော် သူတို့လို စာတွေရေးချင် လာပြန်ပါတယ်။ သူတို့ရေးတာတွေကို လေ့လာကြည့်တော့ စာတစ်ပုဒ်ဖြစ်ဖို့ အနည်းဆုံး ဆယ်ဦးလောက် အင်တာဗျူးရပါတယ်။ အဲဒီလို အင်တာဗျူးလို့ ရလာတွေကို စုပြီး သုံးသပ်ချက်တွေ၊ အမြင်တွေ၊ အားနည်းချက်၊ အာသာချက်တွေ စသဖြင့် အင်တာဗျူးတွေနဲ့ ပေါင်းစပ်ပြီး ဆီလျော်ညီညွတ်အောင် သီကုံးရေးသားရတဲ့ ပုံစံမျိုးတွေပါ။ သူတို့ရဲ့ အမြင်တွေအားလုံးကတော့ လုံးဝ (လုံးဝ) Global ကမ္ဘာကြည့်တွေပါပဲ။ ကျွန်တော် သူတို့ရေးတာတွေကို အရမ်းအားကျမိပြန်ပါတယ်

ဆက်ပါဦးမယ်ခင်ဗျာ …