ဆရာတစ်ယောက်က ပြောဖူးတယ်။ အသက် (၂၅)နှစ်ကျော်လာတာနဲ့ အချိန်တွေ ကုန်တာ မြန်လာတယ်တဲ့။ ခု အသက်သုံးဆယ်ကျော်တော့ အချိန်တွေက ကုန်တာ မြန်လား မမြန်လားတော့ မသိဘူး။ သတိရလို့ ကြည့်လိုက်ရင် တစ်ပတ်ကကုန်သွားပြီ။ တစ်လကကုန်သွားပြီ။ တစ်နှစ်က ကုန်သွားပြီ။ စက်နဲ့တပ်ပြီး ရစ်လိုက်သလားမှတ်ရတယ်။ အရင် လူငယ်ဘဝ တွေတုန်းကတော့ အချိန်တွေက ပိုလိုက်တာ ကုန်ခဲလိုက်တာ။ ကျောင်းသားဘဝကဆို ပိုဆိုးသေးတယ်။ စနေ၊ တနင်္ဂနွေကို ရောက်ခဲလေခြင်း။ ဘာဖြစ်လို့ အချိန်တွေက အကုန်မြန်လာတာလဲ။ သားကျွေးမှု၊ မယားကျွေးမှုတွေ ကြောင့်လား။ အဲဒါတွေကြောင့်လည်း မဟုတ်လောက်ပါဘူး။ ဘာမှ ထူးထူးခြားခြား လုံ့လစိုက်ထုတ်ရတာလည်း မရှိပါဘူး။ ဒီလိုပဲ လူပျိုဘဝကတည်းက လုပ်နေကြတွေပါပဲ။ ပိုပြီး တည်ငြိမ်သွားတာ၊ ပိုပြီး လေးနက်သွားတာ တစ်ခုပါပဲ။ ဒါဆို ဘာကြောင့်လဲ။ လောကသဘာဝတရားကြီးကတော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒီအတိုင်း အချိန်တွေကို ပုံမှန်အတိုင်း လည်ပတ်ပေးနေမှာပဲ။ ဒါဆို ကျွန်တော့် ခံယူချက်၊ အချိန်အပေါ် ခံယူချက် ကြောင့်ဖြစ်မယ်။ ကျွန်တော့်ရဲ့ အချိန်အပေါ် ခံယူချက်က ဘယ်လိုလဲ။ ဘာတွေ ပြောင်းလဲ သွားလို့လဲ။ အင်း … အိုဖို့ သေဖို့ အချိန်ကို အမြန်ဆုံးတွန်းပို့နေတဲ့ စပိလွန် အချိန်အကုန် မြန်မှုကို သေသေချာချာ လေ့လာဖို့တော့ လိုနေတာအမှန်ပါပဲ။
အချိန်အပေါ် ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ လျောက်စဉ်းစား မိတယ်။ ကောင်လေးတစ်ယောက်က ကောင်မလေး တစ်ယောက်ကို ချိန်းထားတယ်။ ကောင်မလေးက နောက်ကျနေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆိုရင် ကောင်လေး အတွက် အချိန်တွေက ကြာနေမှာပေါ့။ ငယ်ငယ်တုန်းက စနေ၊ တနင်္ဂနွေရောက်မယ့် အချိန်ကို စောင့်ရတယ်။ အချိန်တွေက ကြာနေမှာပေါ့။ အဲ ဒါပေမယ့် စနေ၊ တနင်္ဂနွေ ကျပြန်တော့လည်း အကုန်မြန်လိုက်တာ၊ ဆော့လို့တောင် မဝသေးဘူး။ တရားစခန်းမှာ တရားသွားထိုင်တယ်၊ တရားချိန် နှစ်နာရီက ကြာလိုက်တာ၊ ပြည့်ကို မပြည့်နိုင်တော့ဘူး။ အချိန်ဆိုတာ စောင့်တဲ့သူ အတွက်ကြာတာတော့ သေချာသွားပြီ။ မစောင့်တဲ့ သူအတွက်ကရော၊ ဒါမှမဟုတ် သတိမထားမိတဲ့ သူအတွက်ကရော အချိန်က ဘယ်လို သဘောဆောင်လဲ။ ကျွန်တော်အခု ဖြစ်နေတာက မစောင့်တာလား၊ သတိမထားမိတာလား။ တကယ်တော့ ဒီအရွယ်ရောက်လာတဲ့ အချိန်မှာ အချိန်ကို စောင့်စရာ အကြောင်းကလည်း မရှိတော့ဘူးလေ။ လုပ်စရာတွေ နေ့တိုင်း ပုံစံတူ၊ အသားကျနေပြီ။ နံနက် အိပ်ရာထမယ်။ ကွန်ပျူတာဖွင့်မယ်။ ပြီးရင် မျက်နှာသစ်၊ သွားတိုက်၊ နံနက်စာစားရင်း အင်တာနက်မှာ သတင်းတွေ ဖတ်မယ်။ အဲဒီလို နေ့တိုင်း ပုံစံတူတွေထဲမှာပဲ သွားနေတယ်။ တစ်နေ့လာလည်း ဒါ၊ တစ်နေ့လာလည်း ဒါပဲ။ ဘာမှ မထူးခြားဘူး။ အချိန်ကို စောင့်နေစရာလည်း မလိုဘူးလေ။ ဒီတော့ ကျွန်တော် ဖြစ်နေတာ အချိန်ကို သတိမထားမိတာပဲ ဖြစ်ရမယ်။ ဒါဆို အချိန်တွေ အကုန်မြန်နေတာ သတိလက်လွတ် နေနေလို့ပေါ့။ အားပါး … သတိမထားမိတာလေး တစ်ခုတည်းနဲ့ အချိန်တွေ အဲဒီလောက် အကုန်မြန်ရလားဗျာ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့ သတိနဲ့နေဖို့ပြောတယ်။ အရေးအကြီးဆုံး အချက်မို့ ပရိနိဗ္ဗာန်ပြုခါနီးတောင် မှာသွားသေးတယ်။ အပ္ပဒေန သမ္မာဒေထ တဲ့။ အင်း … အချိန်လေးတွေကိုလည်း သတိနဲ့ နေဖို့ လိုလာပြီထင်တယ်။ အချိန်တွေကို သတိလေးနဲ့ ကပ်ထားမှ တော်ကာကြတော့မယ်။ မဟုတ်ရင် ဒီလိုပဲ အချိန်တွေ အကုန်မြန်ပြီး သေသွားဦးမယ်။ ကျွန်တော် အချိန်တွေကို သတိထား ရတော့မယ်။ သတိထား ရတော့မယ်ဗျာ …
