အသေတတ်နည်းပညာ
သဲအင်းမှာတရာထိုင်တဲ့ ရောဂီအတွက် ပထမဦးဆုံးကျင့်ရတဲ့ လမ်းက အသေတတ်နည်းပညာ လမ်းပါခင်ဗျာ။ ကျွန်တော် သဲအင်းမှာထိုင်တဲ့ အတွေ့အကြုံကို ပြောပြပါ့မယ်။ ကျွန်တော့်ရဲ့ခန္ဒာကိုယ်ကြီးကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ ဆရာတော်ကြီးကို အပ်ပြီး အနည်းဆုံး (၂)နာရီ ထိုင်ပါမယ်လို့ ကတိပြုရပါတယ်။ စထိုင်ပြီဆိုတာနဲ့ နှာသီးဖြားက ထွက်လေ၀င်လေကို အာရုံပြုထားရပါတယ်။ အာရုံတွေပြန့်လွင့်လိုက်၊ ပြန်စုလိုက် အိပ်ချင်လာလိုက် ပြန်စုလိုက်၊ အတွေးတွေ ဟိုရောက်သွားလိုက် ဒီရောက်လိုက် ပြန်စုလိုက်နဲ့ နာရီဝက်ကျော် ကြာသွားပါတယ်။ နာရီဝက်ကျော်လာတာနဲ့ ခန္ဒာကိုယ် မပြင်ရတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေက တလိပ်လိပ်တက်လာပါတယ်။ တက်လာတဲ့ ဝေဒနာတွေကတော့ ပုံစံမျိုးစုံပါပဲ။
မီးစနဲ့ထိုးထားသလိုပူနေတာ၊ မြေကြီးထဲကို ခန္ဒာတစ်ခုလုံး ထိုးစိုက်ထားသလို ခံစားရတာ၊ တစ်ကိုယ်လုံး ကိုက်ခဲနေတာ၊ ချွေးလေးတစ်စက် မျက်နှာပေါ်က ဖြတ်စီးသွားတာတောင် အတော်လေးကို ခံရခက်ပါတယ်။ ဒါတွေအားလုံး အကြမ်းစားဝေဒနာ တွေပါ။ ဒုက္ခဝေဒနာလို့ ပြောရင်ရမယ်ထင်တယ်။ တစ်နေရာတည်းကို စူးစိုက်ပြီး ကြည့်လိုက်ရင် အရမ်းနာလာပြီး ဒေါသတွေထွက်လားပါတယ်။ ဆရာတော်ကြီးက ဖြန့်ရှု၊ ဖြန့်ရှုလို့ပြောတဲ့အတွက် တစ်ခြားနေရာတွေကိုပါ ပြောင်းပြီးရှုပါတယ်။ ဒီလိုရှုတဲ့အခါ နဂိုနာနေတဲ့ဝေဒနာကို မေ့သွား ပြီး နောက်ထပ် ဝေဒနာအသစ် တစ်ခုထပ်တွေ့ပါတယ်။ ဒီလိုဖြန့်ရှုရင်းတွေ့လာတဲ့ အမှန်တရားတစ်ခုကတော့ ဝေဒနာဆိုတာ စိတ်ကလေးက လိုက်ခံစားနေတာပါလား။ မခံစားတာနဲ့ ဝေဒနာနဲ့ အဆက်ပြတ်သွားတာပဲဆိုတဲ့ ပညာတစ်ခုရလိုက်ပါတယ်။ ဒီလိုဖြန့်ရှုရင်း ဆက်ထိုင်ရင်းနဲ့ တစ်ချို့ဝေဒနာတွေက တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတာ တွေ့လာရပြန်ပါတယ်။ ဥပမာ – မီးစနဲ့ အထိုးခံထားရသလိုပူနေတဲ့ ဝေဒနာက အေးလာတာ။ ကိုက်ခဲနေတဲ့ ဝေဒနာတွေက လျော့လာတာ တွေသိလာပါတယ်။ ဒါတွေကိုသိနေရင်းနဲ့ ဝေဒနာဆိုတာ ပြောင်းလဲနေပါလား ဆိုတာ သိလာပါတယ်။ တစ်နာရီကျော်လာတဲ့ အချိန်မှာ တစ်ချို့ဝေဒနာတွေက လုံးဝကို ချုပ်သွားတာတွေ့ရပါတယ်။ ဒါပေမယ့် နောက်တစ်မျိုး၊ နောက်တစ်မျိုးမရိုးရအောင် ၀င်နေတုန်းပါပဲ။ ဒါပေမယ့် ဒေါသစိတ်ကို ထိန်းချုပ်လာနိုင်ပါပြီ။ အရင်လိုဒေါသမထွက်တော့ပါဘူး။ သမာဓိလည်း ဝေဒနာအပေါ် ပြင်းပြင်းထန်ထန် တင်ထားရတဲ့အတွက် အားကောင်းနေတာ သတိထားမိလာပါတယ်။ သတိလည်း အရမ်းကောင်းနေတာ တွေ့ရပါတယ်။ ဘယ်လောက်တောင် သတိကောင်းနေသလဲဆိုရင် တံခါးခြောက်ပေါက်လို့ခေါ်တဲ့ အာရုံငါးပါးက ထိသမျှ သိနေပါတယ်။ အာနာပါနပေါ် နှာသီးဖျားပေါ်ပြန်တင်တော့လည်း အရမ်းပီသလာပါတယ်။ လေကြောင်းလေးတွေ ၀င်သွားတာ အသက်ရှုလမ်းကြောင်းမှာ ရှိနေတဲ့ အတိုက်ဓာတ်လေးတစ်ခုကို ထိလိုက်၊ လွတ်သွားလိုက်ကအစ သိနေပါတယ်။ တစ်ခါမှ မခံစားဖူးတဲ့ ပီတိလေးတစ်ခုကို ခံစားလာရပါတယ်။ ပီတိနဲ့အတူ သုခလည်း ၀င်လာပါတယ်။ နောက်ထပ်ဝေဒနာအသစ်တွေ တက်လာပေမယ့် ကျွန်တော်ကို သိပ်ပြီး မတိုက်ခိုက်နိုင်တော့ပါဘူး။ ဒီအချိန်မှာ စိတ်အာရုံဟာ အရမ်းကြည်လင်လာပါတယ်။ ဆင်ခြင်နိုင်စွမ်းအားလည်း အများကြီး မြင့်တက်လာပါတယ်။ ဆရာတော်ကြီရဲ့ တရာဟောသံကိုလည်း ပီပီသသကြားနေရပါတယ်။ ဆရာတော်ကြီးက ဝေဒနာရဲ့သဘောကို မြင်အောင်ကြည့်၊ ဝေဒနာအစ၊ ဝေဒနာအလည်၊ ဝေဒနာအဆုံးကို မြင်အောင်ကြည့်၊ သေခါနီးကြရင် ဒီဝေဒနာတွေပဲလာမှာ။ ဝေဒနာကိုနိုင်ရင် အသေတတ်ပြီ။ အသေတတ်ရင် အပါယ်လွတ်ဖို့ သေချာသွားပြီ။ ခွေးလို နွားလိုအော်ပြီး မသေရတော့ဘူးစသည် ဖြင့်စကားတွေ ကိုကြားနေရပါတယ်။ ဒီလိုနဲ့နှစ်နာရီပြည့်သွားပါတယ်။ ဆက်ထိုင်ချင်ရင် ဆက်ထိုင်လို့ရသေးပေမယ့် ကျွန်တော်ထမင်းစားဖို့ တရာဖြုတ်လိုက်ပါတယ်။ တရားဖြုတ်ပြီး ထလိုက်တော့ သတိထားလိုက်မိတာက ကျွန်တော့် ခန္ဒာကိုယ်က အရမ်းပေါ့ပါးလန်းဆန်းနေတာပါပဲ။ ကျွန်တော် အသေတတ်နည်းလမ်းကို တွေ့သွားပါပြီ။ ရှေ့ဆက်ပြီး အလေ့အကျင့် များအောင်လုပ်ရပါဦးမယ်။