ကျွန်တော်က အမြဲတမ်းပတ်ဝန်းကျင်ကို လေ့လာနေတတ်တယ်လေ။ ခုလည်း ပတ်ဝန်းကျင်မှာတွေ့တာ လေးတွေလေးတွေ ရေးဦးမယ်ဗျာ။ ကျွန်တော့် ပတ်ဝန်းကျင်မှာ မိသားစုက ခြောက်စုလောက်ရှိတယ်။ အားလုံးက သာမာန် လူတန်းစားတွေပါပဲ။ ကျွန်တော်ပြောချင်တာက သူတို့ သားသမီးတွေပါ။ သားသမီးတွေရဲ့ ကိုယ်ကျင့်တရားက မိဘတွေ အပေါ်မှာ ဘယ်လောက် တည်တယ်ဆိုတာ သုံးသပ်ကြည့်မိတဲ့အတွက် ရေးဖြစ်တယ်ဆိုပါတော့ဗျာ။
အဲ … ဟိုတစ်နေ့က ကျွန်တော်ပြောတဲ့ မိသားစုတွေထဲက တစ်စုပေါ့ဗျာ။ ကလေးက အလွန်ဆုံးရှိမှ (၆) နှစ်ပေါ့။ ကောင်မလေးဗျ သူက သူများအိမ်က ငါးထောင် တိုလာတယ်ဗျ။ အဲဒါကို သူ့အမေကိုပေးတယ်။ ကျွန်တော့်ကိုတော့ မတွေ့ကြဘူးပေါ့ဗျာ။ အဲဒီလိုပေးတာကို သူ့အမေက ပြုံးပြုံးရွှင်ရွှင်နဲ့ သမီး မုန့်စားဆိုပြီး ၁၀၀၀ ပြန်ပေးတယ်ဗျ။ ကျွန်တော်ထင်ထားတာတော့ ဒီကလေးတော့ အရိုက်ခံရတော့မှာပဲ လို့တွက်ထားတာ။ မရိုက်တဲ့အပြင် ပြုံးလို့ ပျော်လို့ဗျ။ ကျွန်တော် တော်တော် အံ့သြသွားတယ်ဗျ။ အဲဒီကလေးကို အိမ်ထဲ မဝင်ခိုင်းတော့ဘူး။ ဝင်ရင် အိမ်က ပစ္စည်းတွေ မ တော့မှာ သေချာတယ်လေ။
နောက်ထပ် မိသားစုတစ်စု ရှိသေးတယ်။ အဲဒီမိသားစုကျတော့ တစ်မျိုး။ ငိုစား၊ တိုစား အကုန်လုပ်တယ်ဗျ။ သူတို့မှာ ထမင်းစားစရာမရှိပါဘူး ဆိုပြီး ငိုပြတတ်သလို သူ့သားသမီးတွေကိုလည်း တိုခိုင်းတတ်တယ်ဗျ။ ကလေးအကြီးဆုံး လူပျိုပေါက် အရွယ်က ခိုးတယ်။ မိဘတွေတော့ ပြန်မပေးဘူး။ သူ့ဘာသာသုံးတယ်။ အငယ်လေးတွေကျတော့ ပြန်ပေးတယ်ဗျ။ အဲဒီကလေးတွေကို ကြည့်လိုက်တော့ တစ်ယောက်က အဲဒီလို လုပ်တာကို မိဘကို ကူညီတာဆိုပြီး အဓိပ္ပါယ်ပေါက် နားလည်နေတယ်ဗျ။
အဲဒီ မိသားစု နှစ်စုက ကလေးတွေကို ကျွန်တော် ကြည့်ရင်း တော်တော် စိတ်မကောင်းဖြစ်မိတယ်ဗျ။ ကျွန်တော် ငယ်ငယ်တုန်းက သူများအိမ်က အရုပ် လေးတစ်ရုပ်ကို လိုချင်လွန်းလို့ မပြောပဲ ယူလာမိတယ်။ အဲဒါကို အမေက သိသွားတော့ ရိုက်လည်းရိုက်တယ် ပြီး အမေကိုယ်တိုင်ခေါ်သွားပြီး သွားတောင်းပန် ခိုင်းတယ်။ ကျွန်တော့်အရွယ် သူငယ်ချင်းတွေ ရှိတဲ့နေရာမှာ အဲဒီလို သွားတောင်းပန်ခိုင်းတော့ ကျွန်တော် ရှက်လိုက်တာ မပြောပါနဲ့။ နောက်ကို ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်ဆုံးဖြတ်လိုက်တယ်လေ။ တော်တော်လည်း ရှက်သွားတာကိုးဗျ။ အဲဒီစိတ်ဓာတ်လေးက ကြီးတဲ့အထိ ပါသွားတယ်။ အဲဒီလို မှန်ကန်စွာ ဆုံးမလမ်းပြပေးတဲ့ အမေကို ကျေးဇူးတင်မဆုံးဘူးပေါ့ဗျာ။
ခုကလေးတွေကတော့ သူတို့ဘဝမှာ ဘာတွေဖြစ်လာနိုင်မလဲ။ အကျိုးဆက်တွေ တစ်ခုမှ မကောင်းတာ သိကြပါလိမ့်မယ်။ ခက်တော့လည်း ခက်တယ်ဗျ။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ မိဘတွေ ကိုယ်တိုင်က မှားနေတာကို ဘယ်လို သွားပြင်မလဲ။ ဒီတော့ အဲဒီကလေးတွေကို အိမ်ကိုမဝင်ခိုင်းတာ သတိထားနေရတာကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲဗျာ …