Archive for the ‘Song’ Category

ကျွန်တော်နှင့် သီချင်းများ

August 4th, 2007
ကျွန်တော်နှင့် သီချင်းသည် အမြဲတမ်း တွဲစပ်နေလေ့ရှိသည်။ ကားပေါ် တက်လိုက်သည်နှင့် ကားကက်ဆက်က သီချင်းသံကို ကြားလိုက်ရမှ နေသာထိုင်သာရှိသည်။ ကျွန်တော်၏ နှစ်နှစ် မပြည့်တပြည့် သမီးလေးကတော့ ကားပေါ် တက်လိုက်သည်နှင့် “စိုင်းစိုင်းဖွင့်” ဟု မပီကလာပီကလာနှင့် ပြောတတ်နေပြီ ဖြစ်သည်။ သမီးလေးကိုယ်တိုင်ပင် ကားပေါ်တက်လျှင် သီချင်းသံကြားရသည်ကို သေသေချာချာ အလွတ်ရနေပြီ ဖြစ်သည်။ ကျွန်တော် သီချင်းမျိုးစုံ နားထောင်ပါသည်။ စိန်ခြူးကြာညောင်မှ စပြီး Death Metal အထိ နားထောင်သည်။ တစ်ခါတစ်လေ Hip Hop ဂီတရဲ့ ဘော့စ်သံတွေထဲမှာ စီးမျောနေတတ်သလို၊ တစ်ခါတစ်လေ ခင်မောင်တိုးရဲ့ ကြည်ပြာကန်နဘေး မှာဆွေးနေတတ်သည်။ တစ်ခါတစ်လေ korn ရဲ့ neo-metal တွေနဲ့ အသားကျ နေတတ်သလို၊ တစ်ခါတစ်လေ လေးဖြူနဲ့ ခဏလေးတွေ စုနေတတ်သည်။ သီးချင်းများနှင့် သံစဉ်များသည် ကျွန်တော့်အတွက် မရှိမဖြစ် ….

ဒါကတော့ Korn ရဲ့ ကျွန်တော် အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပေါ့ …

KoRn_-_Blind.mp3


ကျွန်တော့်သူငယ်ချင်းများထဲတွင် သီချင်းတွေကို စွဲစွဲမြဲမြဲ နားထောင်တတ်သူတွေ ရှိသည်။ ဒါပေမယ့် ကျွန်တော့်လို အကုန် နားထောင်လေ့မရှိ၊ Rock ဆိုရင် Rock မှ၊ Metal ဆိုရင် Metal မှ၊ Alter ဆိုရင်လည်း Alter၊ တစ်ပြားမှ မလျော့သူများ ဖြစ်ကြသည်။ သူတို့အားလုံး တူညီသည့် အချက်ကတော့ သူတို့မကြိုက်သည့် ဂီတပုံစံဆိုလျှင် ပြစ်ပြစ်နှစ်နှစ် ဝေဖန်တတ်ခြင်းပင်။ ကျွန်တော်ကတော့ ထိုသို့မဟုတ်၊ ဂီတဆိုလျှင်လာခဲ့ အကုန် နားဝင်သည်။ အကုန် နားထောင်လို့ ရသည်။ ဒါပေမယ့် ကျွန်တော် နားထောင်ဖြစ်သော သီချင်းများမှာ အင်္ဂလိပ် သီချင်းများ အများစုဖြစ်သည်။ မြန်မာသီချင်းများတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ Acid၊ စိုင်းစိုင်း စသည့် အဆိုတော်များ၏ သီချင်းများကို နားထောင်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော် အများစု နားထောင်ဖြစ်သည့် သီချင်းများကတော့ အင်္ဂလိပ်သီချင်းများသာ …

သီချင်းများကို နားထောင်သည့် အလေ့အကျင့် များလာသည့်အခါ သီချင်းတိုင်း၏ တန်ဖိုးကို လေးစားတတ် လာသည်။ သူတို့ မည်ကဲ့သို့ ဖန်တီးထားသည်ကို မှန်းဆလို့ရလာသည်။ တစ်ခါတစ်လေ ကြက်သီးမွှေးညင်းပင် ထမိသည်။ အရင်က Solo တွေထဲမှာ မျောနေတတ်သော ကျွန်တော်သည် Nirvana ၏ Grunge ကို နားထောင်တော့ အစပိုင်းမှာ နားမ၀င်။ နောက်ပိုင်းရောက် တော့ ကြက်သီးထလောက်အောင် ကြိုက်လာပြန်သည်။ Nirvana ကို နားထောင်ရင်း Offspring ၏ High Pitch Vocal နှင့် တိကျသော ဂစ်တာသံများကြားရပြန်တော့ The kid aren’t all right ကို နားထောင်လို့ မဆုံးတော့ …. Linkin Park ၏ In the end ကိုလည်း ဘယ်လိုကြိုက်မှန်းမသိ။ သီချင်းမျာသည် အရာအားလုံးကို မေ့စေသည်။ ချစ်ခြင်းကိုလည်း မေ့စေသည်။ မုန်းခြင်းကိုလည်း မေ့စေသည်။ ဘ၀အမောတွေကိုလည်း ဖြေလျော့နိုင်သည်။ မိတ်ဆွေကော သီချင်းတွေ နားထောင်ပါသလား ခင်ဗျာ။

ဒါကတော့ Nirvana ရဲ့ Smell like teen spirit ပါ

Nirvana – Smells l…

ဒါကတော့ Offspring ရဲ The kids aren’t all right ပါ

The Offspring – Th…