ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော့်ဘ၀နဲ့ ထပ်တူကျနိုင်မယ့် အက်ဆေးတစ်ပုဒ်ကို ဘာသာပြန်တင်ပြချင်ပါတယ်။
အိမ်ပြေးတစ်ယောက်အကြောင်း
သောကြာနေ့ ညနေခင်းတစ်ခု။ နွေရာသီ (၁၄)ခုလောက် ရင့်ကျက်ပြီးစ ကောင်လေးတစ်ယောက်။
သူဒီနေ့ လစာရတယ်လေ။
“ကျေးဇူးတင်ပါတယ်ဗျာ”
ကောင်လေးရဲ့နှုတ်ခမ်းဖျားက တိုးတိုးလေးထွက်လာတဲ့ နောက်ဆုံးကျေးဇူးစကား။
လစာထည့်ထားတဲ့ စာအိတ်လေးကို ကောင်လေးရဲ့ အပြာရောင် ဂျင်းဘောင်းဘီ နောက်အိတ်ထဲ ထည့်လိုက်လေရဲ့….
အညိုရောင်သားရေအိတ်လေးကို ဖြည်းဖြည်းချင်း မလိုက်တယ်။ မြဲမြဲဆုပ်ထားတဲ့ အိတ်လက်ကိုင်ရဲ့အထိအတွေ့မှာ ဒီအိတ်လေးအရင်ထက်လေးနေတာ ကောင်လေး သိနေတယ်။ အထဲမှာ ဘာတွေရှိနေတယ်ဆိုတာ ကောင်လေးသိတာပေါ့။ ရှပ်အင်္ကျီတစ်ထည်ရယ် ဂျင်းဘောင်းဘီတစ်ထည်ရယ် ခြေအိတ်တစ်စုံရယ်ပေါ့။ ကောင်လေးဒီခြံကို စွန့်ခွာတော့မယ်လေ။
ဒီနေ့တော့ တောင်ဖက်ကို သွားရမည့်အစား မြောက်ဖက်ကို ကောင်လေးဦးတည်ထားတယ်။ သူသိတဲ့ တစ်ခုတည်းသော မြို့လေးနဲ့ဝေးရာကို ကောင်လေးဖြည်းဖြည်းချင်းစွန့်ခွာနေတယ်။ ခြေလှမ်းနည်းနည်းလောက် လျောက်လိုက်ရင် အဝေးပြေးလမ်းမကြီးဘေးကို ရောက်ပြီပေါ့။ အဲဒီနေရာမှာ ကုန်ကားကြီးတွေ တော်တော်များများ ခဏရပ်လို့ရတဲ့နေရာရှိတယ်လေ။
“ငါ လုပ်တာ မှန်ရဲ့လား”
ကောင်လေးကိုယ့်ကိုမေးနေမိတယ်။
နေမင်းကတော့ တောင်စွယ်တောင်တန်းတွေ နောက်ကို အစောကတည်းက ၀င်သွားပြီလေ။ လေနုအေးလေးတွေက ကောင်လေးရဲ့နေလောင်ထားတဲ့ ဆံပင်ခပ်ကြမ်းကြမ်းတွေကို တိုးဝှေ့ကျီစယ်သွားလေရဲ့။ ကောင်လေး သူ့ရဲ့ဂျင်းအင်္ကျီကော်လာတွေကို နားရွက်ဖုံးအောင် အမှတ်တမဲ့ ဆွဲတင်လိုက်မိတယ်။ ခြံစည်းရိုးတန်းတွေရဲ့အပေါ်ကို ကောင်လေးအမှတ်တမဲ့ကြည့်မိတယ်။ ရွက်ဟောင်းကြွေလို့ ရွက်သစ်လဲချိန်တန်နေတဲ့ ရွက်ဝါတွေတောင် ကြွေကျမြေခဖို့ အသင့်ဖြစ်နေပါပေါ့။
တဖြည်းဖြည်းနီးလာတဲ့ ကားသံတွေကြောင့် ကောင်လေး ကိုယ်ကို မတ်မတ်ရပ်လိုက်တယ်။ ဘယ်ဖက်လက်ကို ဆန့်တန်းလိုက်ပြီး လက်မကို ထောင်လိုက်တယ်။ ကားတွေက ကောင်လေးကို ဖြတ်ကျော်သွားတယ်။ ကားမောင်းသမားတွေက ယောင်လို့တောင် လှည့်မကြည့်သွားကြဘူးလေ။ ခြေရင်းမှာချထားတဲ့ အိတ်ကို ကောင်လေးငုံ့ကြည့်လိုက်တယ်။ သူပိုင်သမျှ ဒါအကုန်ပဲလေ။ ညဦးယံရဲ့ မဟူရာအလင်းတန်းတွေအောက်မှာ သရေအိတ်လေးလည်း လှဲလျောင်းငြိမ်သက်လို့ …
နောက်တစ်ခါ ကားသံတွေကြားတော့ ကောင်လေး ခေါင်းပြန်ထောင်လာတယ်။ ဖြတ်သွားသမျှကားတွေကို တောင်းပန်တိုးလျတဲ့မျက်ဝန်းတွေနဲ့ ကောင်လေးကြည့်နေခဲ့တယ်။ မီနီဘတ်(စ်)တစ်စီးဖြတ်သွားတော့ ကားထဲကလူတွေ အလုပ်အကြောင်း အပြန်အလှန်ပြောနေကြတာ ကောင်လေးကြားလိုက်တယ်။ အမှန်တော့ ကောင်လေးအနေနဲ့ ခြံထဲမှာ အလုပ်လုပ်ရတာ ကြိုက်ပါတယ်။ ပျော်လည်းပျော်ပါတယ်။ အခြေအနေတွေအား လုံးဟာ ပြောင်းလဲသွားခဲ့မယ်ဆိုရင်တော့ ကောင်လေး ဒီခြံထဲမှာ ဆက်နေဖြစ်မှာပါ။ သေတပန်သက်တဆုံး ဆက်လုပ်ဖြစ်မှာပါ။
“ဘုရား”
ကောင်လေးနှုတ်ခမ်းဖျားက ကြောက်ရွံ့ထိပ်လန့်မှုတွေကြောင့် ထွက်ကျလာတဲ့ စကားတစ်ခွန်း …
ကောင်လေးမျက်နှာတစ်ခုလုံးဖြူရော်သွားတယ်။ အသက်ရူတောင်ရပ်သွားမလားပဲ။ ကြောက်လိုက်တာလဲ မပြောပါနဲ့တော့ ..
ကားသုံးစီး …
ဒါပေမယ့် ကောင်လေးရဲ့ မျက်လုံးတွေက တတိယမြောက်ကားဆီရောက်နေတယ်။ ကောင်လေး ပထွေးရဲ့ ကားနဲ့အမျိုးအစားတူနေတယ်လေ …
“ဟူး ….”
ကောင်လေးသက်ပြင်းချလိုက်တယ်။ ကားက အရောင်နဲ့ ပုံစံသာတူတာ .. ကားပေါ်မှာက သူ့ပထွေးအစား အဖိုးကြီးတစ်ယောက်ပါလား။ ဆံပင်တွေလည်း တစ်ခေါင်းလုံးဖြူလို့ ..
ဆက်ပါဦးမယ်ခင်ဗျာ …