Archive for July, 2007

ပြောင်းပြန်ဆွဲနေသော လှည်းများ

July 28th, 2007
ကျွန်တော်တို့အိမ်နားမှာ အသုဘရှိတယ်။ ဒီတော့ အသုဘနဲ့အတူဘယ်ကတည်းက တွဲနေတဲ့ ဓလေ့လည်း မသိပါဘူး။ ဖဲဝိုင်းလည်း ရှိတယ်ပေါ့ဗျာ။ ညတစ်ညလုံး ဖဲဝိုင်းနှစ်ဝိုင်းနှစ်ဝိုင်းက အသံတွေနဲ့ ကောင်းကောင်းကို မအိပ်ရဘူးပေါ့။ အရက်ကလည်း သောက်ထားကြတော့ ပိုဆိုးတာပေါ့ဗျာ။ ကျွန်တော်အပါအ၀င် ပတ်ဝန်းကျင်က လူတွေကလည်း အလွန်ဆုံးဆူလှ (၇)ရက်ဆိုတော့ ဘာမှပြောမနေကြတော့ဘူး။ မသိချင်ယောင်ဆောင်ပြီး သီးခံနေလိုက်ကြတယ် ဆိုပါတော့။ စကားမစပ် ပြောရဦးမယ်ဗျ။ သေသွားတဲ့သူက အရက်သမား၊ တော်တော်လေးကို အသဲကျွမ်းနေပြီ။ ဘယ်တော့သေမလဲ စောင့်နေလိုက်တာ နှစ်နှစ်လောက်ကြာနေပြီ ဆိုပါတော့။ “မိန်းမ မင်းဝဋ်ကျွတ်တော့မှာပါ” လို့ ပြောပြီး နာရီပိုင်းပဲရှိသေးတယ်။ သေတာပဲ။ သူ့မိန်းမလည်း ငိုလိုက်တာ မျက်ရည်ပေါက်ကြီးငယ် (၄)စက်လောက်ကျပြီးတော့ မငိုတော့ဘူး။ ဘယ်သူမှလည်း ငိုတဲ့သူ မရှိပါဘူးဗျာ။ သေတာတောင် နောက်ကျသေးတယ် ထင်နေကြတာ။ အကြံသမား ကိုယ်ရွှေဖဲသမားတွေ ကတော့ ဖဲထုတ်တောင် ၀ယ်ပြီးသွားလောက်ပြီပေါ့။

ဒီတော့ ထုံးစံအတိုင်း အသုဘဘေးနားမှာ ဖဲဝိုင်းထောင်ကြတယ် ဆိုပါတော့။ ဖဲဝိုင်းကနှစ်ဝိုင်းဗျ။ ကျွန်တော်လည်း စပ်စပ်စုစု သွားကြည့်တာ သူ့အမျိုးတွေထဲကဆိုလို့ အလွန်ဆုံးနှစ်ယောက်ပေါ့။ ကျန်တာတွေက မျက်နှာစိမ်းတွေဗျ။ သူတို့ကိုသိတဲ့ လူတစ်ယောက် ပြောတာကတော့ ဖဲလည်ရိုက် နေကြတာတဲ့ဗျာ။ ဘာအလုပ်မှ မလုပ်ကြဘူးလားလို့ မေးတော့ သူတို့မိန်းမတွေက အလုပ်လုပ်တယ်တဲ့။ သူတို့ကတော့ ဒီလိုပဲ ဘယ်မှာ မသာရှိလဲ ရှာနေကြတာတဲ့ဗျာ။ ချိန်းဝိုင်းတို့ ကြိတ်ဝိုင်းတို့ဆိုလည်း သူတို့ပါတာပဲ။ အသုဘက ပေါ်တင်ဝိုင်းဆိုလည်း သူတို့ရှိတာပဲ။

ဖဲဝိုင်းကဆူညံသံတွေနဲ့ ညစဉ်ညတိုင်းနှိပ်စက်တာကို သီးခံပြီး အိပ်မရတာနဲ့ စာဖတ်နေတယ် ဆိုပါတော့ဗျာ။ အဲဒီမှာ ပြဿနာ စတာပဲဗျ။ မိန်းမတစ်ယောက် ထမီ စွန်တောင်ဆဲပြီး အော်ဟစ်ဆဲဆို နေပါရောလားဗျာ။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ အပြင်ထွက်ကြည့်တယ်။ မိန်းမကိုတော့ မှောင်နေတော့ သိပ်မမြင်ရဘူးဗျ။ အသံကတော့ အတိုင်းသားကြားနေရတာပေါ့ဗျာ။ ဆဲလိုက်တာလည်း မိုးမွန်နေတာပဲ။ ကျွန်တော် ကြားသလောက် ဖောက်သည်ချရရင်တော့ဗျာ၊ သူ တစ်နေကုန် ကုန်စိမ်းရောင်းတာ ဒီနေ့ ၁၆၀၀ ပဲမြတ်တယ် ဆိုတဲ့အကြောင်း၊ ဒါကို သူ့ယောင်္ကျားက ယူပြီးဖဲရိုက်ပစ်တယ် ဆိုတဲ့အကြောင်း၊ သူကို သတ်နေပါတယ်ဆိုတဲ့ အကြောင်းပေါ့ဗျာ။ ဒါနဲ့ ဖဲဝိုင်းထဲကလူတွေက သူ့ယောင်္ကျားကို ဖဲဝိုင်းကနေ ထွက်ခိုင်းလိုက်တယ်ဆိုပါတော့။ မထွက်ခိုင်းလို့လည်း မရဘူးလေ။ မိန်းမက ခဲနဲ့ထုမယ် တကဲကဲလုပ်နေတာကိုး။ ဒီတော့ ကိုရွှေဖဲသမားတွေက ဖဲဝိုင်းတော့ အပျက်မခံနိုင်ဘူး ဆိုပြီး ၀ိုင်းကနေထုတ်လိုက်ကြတယ်ဗျ။ သူယောင်္ကျားလို့ထင်ရတဲ့ သူတစ်ယောက်ရယ် နောက် သူ့သူငယ်ချင်းရယ် ဖဲဝိုင်းကနေ ထွက်သွားကြတယ်ဗျ။ အင်း ပွဲကြီးပွဲကောင်းတော့ တွေ့ပြီဆိုပြီး အားလုံးထွက်ကြည့်ကြတယ်။ မိန်းမက သူ့တစ်နေကုန်ဈေးရောင်းတာ ၁၆၀၀ ပဲမြတ်တယ်။ ဒါကို ဒီသေချင်းဆိုးက ခိုးပြီးဖဲရိုက်ပစ်တယ်ဆိုတဲ အကြောင်း၊ သူ့ကိုသေအောင်သတ်နေပါတယ် ဆိပြီး ငိုလိုက် သူ့ယောင်္ကျားကို ရိုက်လိုက်နဲ့ဗျာ။ ကမ္ဘာပျက်သလား အောက်မေ့ရတယ်ဗျာ။ သူ့ယောက်င်္ကျားကို ရိုက်တာက နည်းနည်း သူ့ယောင်္ကျားအရိုက်ခံရတာ ပိုများမယ်လို့ ကျွန်တော်ထင်တယ်။ ခြေထောက်နဲ့ ကန်လိုကန်၊ လက်သီးနဲ့ ထိုးလိုထိုး၊ စိတ်ကြိုက်ကို ကစ်နေတော့တာပဲဗျာ။ နောက်တော့ ဘာမပြော ညာမပြော နဲ့ သူ့မိန်းမက ကားလမ်းဖက် ပြေးထွက်သွားတယ်ဗျ။ ကျွန်တော်လည်း ဘာလုပ်တာလဲပေါ့။ ရူးများသွားပြီလားပေါ့။ ဘယ်ဟုတ် မလဲ။ ကားလမ်းပေါ်မှာ ကန့်လန့်ကြီးအိပ်လိုက်တာဗျို့။ ကားအကြိတ်ခံတာဗျို့။ အောင်မလေး ကားတွေ ဘရိတ်အုပ်ပြီး ရပ်လိုက်ကြတာ တစ်စီးနဲ့တစ်စီး တိုက်ကုန်ပြီးလားတောင် ထင်ရတယ်ဗျာ။ ကျွန်တော်လည်း ဒီမိန်းမတော့ သေပြီလို့ထင်လိုက်တာ၊ ကားဆရာက ဘရိတ်အအုပ်မြန်လို့ဗျို့။ မတော်လို့ကားဆရာသာ ဘရိတ်မမိခဲ့ရင်၊ ကားဆရာသာ မူးနေခဲ့ရင် အဲဒီမိန်းမ အသေပဲဗျာ။ ဘယ်နှယ် ကုန်ကားကြီးဗျ။ အဲဒါနဲ့ သူ့ယောင်္ကျားရယ် သူ့ယောင်္ကျားသူငယ်ချင်းရယ် လက်ကနေတစ်ဖက်၊ ခြေထောက်ကနေ တစ်ဖက် မပြီး မိန်းမကို ခေါ်သွားကြတယ်ဗျ။

အင်း တော်တော်တရားကျ ဖို့ကောင်းတယ်ဗျာ။ ယောင်္ကျားဖြစ်ပြီး မိန်းမလုပ်စာ ထိုင်စား၊ ပြီးတော့ ကောင်းကောင်းမစားဘူး။ ဖဲလေးက ရိုက်ချင်သေးတယ်။ မိန်းမကတော့ ဒီလိုရှားပါးနေတဲ့ ခေတ်ကြီးမှာ ၁၆၀၀ လောက်ရအောင် တစ်နေကုန်ရှာရတာတယ်။ ဒါကို လွယ်လွယ်နဲ့ ဖြုန်းရက်တဲ့ ဒီယောင်္ကျားရဲ့ စိတ်ဓာတ်ကို စဉ်းစားကြည့်မိတယ်။ ကျွန်တော်စဉ်းစားလို့ကိုမရဘူးဗျာ။ အော် ပြောင်းပြန် ဆွဲနေရတဲ့ လှည်းတွေပါလားဗျာ …

အိပ်မက်

July 24th, 2007

အိပ်မက်ဆိုတာ အလကားမက်လိုရတယ်လို့ ကျွန်တော့်ကိုယ် သူငယ်ချင်းတစ်ယောက်ကပြောတယ် …

ဒါဆိုရင် ကျွန်တော် သန်းကြွယ်သဋ္ဌေးကြီးတစ်ယောက် ဖြစ်နေတယ်လို့ အိပ်မက်တစ်ခု အလကားရအောင်လုပ်ပေးပါလို့ ပြောတော့ ….

ကျွန်တော့် သူငယ်ချင်းလည်း ဘာဆက်ပြောရမှန်းမသိတော့ဘူး၊ တကယ် ဒီလိုမက်လို့ရလို့လား၊ မိတ်ဆွေကော မက်ဖူးလား …

ကိုယ်မက်ချင်တဲ့အိပ်မက်ကို ညတိုင်းမက်ခွင့်ရလား … ရတယ်ဆိုရင်တော့ ကျွန်တော့်ကို နည်းပေးပါလားဗျာ၊

ကျွန်တော့်မှာတော့ အိပ်မက်တိုင်း အလကားမရခဲ့ပါဘူး …

တစ်ချို့ဟာတွေကတော့ တန်ဖိုးကြီးကြီးပေးရပြီး တစ်ချို့ဟာတော့ တန်ဖိုးနည်းပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့

အလကားတစ်ခုမှမရဘူးဆိုတာပါပဲ …

အိပ်မက်ဆိုတာ စိတ်ရဲ့နမိတ်ပုံရိပ်ဆိုရင် မေမေရေ … ကျွန်တော့် အိပ်မက်တွေကို ငယ်တုန်းကလို

“မေမေရေ ဒေဝေါကြီးလာနေပြီ” ဆိုရင် မောင်းထုတ်သလိုမောင်းထုတ်ပေးပါ …

တကယ်ပါ … အိပ်မက်တွေက တန်ဖိုးကြီးလွန်းလို့ …

ဒွေးနှင့် သူ၏ပရိတ်သတ်များ

July 14th, 2007

ကျွန်တော် နံနက်အိပ်ယာထပြီး ဈေးဖက်လမ်းလျောက်ထွက်ခဲ့ပါတယ်။ ဂျာနယ်လက်ပွေ့အရောင်သမားဆီမှာ ဂျာနယ်ဝယ်ဖို့မေးတော့

“ဘောလုံးဂျာနယ်ပဲရတော့တယ်ဗျ”

“အန် အစောကြီးရှိသေးတယ်၊ ကုန်ပြီလား”

“ဟုတ်တယ် ကုန်ပြီ ဒွေးအကြောင်းပါတယ်လေ”

“အော်”

ကျွန်တော်ကတော့ ညကတည်းက သိပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ပါဘူး။ စိတ်မကောင်းတော့တော်တော်ဖြစ်မိပါတယ်။

ဒီလိုနဲ့ ကျွန်တော်ဆက်လျှောက်လာခဲ့တယ်။

ဆက်လျှောက်လာတော့ ဂျနယ်လက်ပွေ့သမားနဲ့သိပ်မတူတဲ့သူ နှစ်ယောက်လောက်နဲ့ မိန်းမတစ်ယောက်က

“ဒွေး သီတင်းတွေပါတယ်နော်။ အိပ်နေရင်းသေသွားတာဆိုပဲ၊ ပြည့်ပြည့်စုံစုံသိချင်ရင် ၀ယ်ဖတ်၊ တစ်စောင်မှာ တစ်ရာတည်း”

အော်ဟစ်ရောင်းနေတဲ့အသံကြားတော့ ကျွန်တော်လည်း စိတ်ဝင်စားသွားတယ်။ အနားကို မရောင်မလည်နဲ့ ကပ်သွားတော့ လမ်းသွားလမ်းလာ တော်တော်များများဝယ်သွားကြတာ တွေ့ရတယ်။ ကျွန်တော်လည်း သိချင်တာနဲ့

“ဘယ်ကဟာကို ရောင်းတာလဲကွ၊ ဘယ်ဂျာနယ်က ထုတ်တာလဲ”

“ဟာ အကိုကလည်း ဂျာနယ်က ပိုတိုဆွဲထားတာဗျ၊ အခုရောင်းနေတာ သုံးကျော့ရှိသွားပြီ၊ အော်ရီဂျင်နယ် အချပ်ပိုကို အကိုလိုချင်ရင် ၁၅၀၀ ပဲပေး၊ သီတင်းအပြည့်အစုံပါတယ်၊ ဒီထက်သီတင်းနည်းတာက ၁၀၀၀ ပဲပေး၊ ဒီလိုနှစ်ရွက်စာ ဖိုတိုဆွဲထားတာက ၂၀၀၊ ဒီလိုတစ်ရွက်တည်းက ၁၀၀၊ ဘယ်ဟာ ယူမလဲ”

“ဟိုက်ရှားပါး မိုက်လှချေလား၊ အကွက်မြင်လှချည်လားကွ၊ ငါက သီတင်းကို အင်တာနက်မှာ သိပြီးသားကွ”

“ဟာ ဒါဆိုအကိုကလည်း အင်တာနက်ကဟာတွေ ကူးပြီးရောင်းပါတော့လား၊ ကျွန်တော်ရောင်းပေးမယ်လေ”

“ဟာ နေပါစေကွာ၊ အေးအေးနေပါရစေ၊ တတ်လည်းတတ်နိုင်ပါပေ့ကွာ”

ကျွန်တော်အပြန်ကျတော့ ပြုံးမိတယ်။ တယ်လည်းအကွက်မြင်ကြပါလား ကိုရွှေစီးပွားရေးသမားများရယ်၊ ဒွေးကသေတာတောင် အလုပ်အကျွေးပြုသွားပါလားဗျာ …

ကျွန်တော့်အဖွားအကြောင်း

July 11th, 2007
ကျွန်တော့်အဖွားအကြောင်း

နောက်ပြန်ဆန်တက်ဖို့ တွန့်ဆုတ်လို့နေတဲ့
ဖျော့ရဲ့ရဲ့သွေးကြောတွေနဲ့
ရပ်တည်မှုရဲ့ အင်အားအတွက် အသက်ဆက်နေဆဲပေါ့ ….


အနက်၊ အနီ၊ အဖြူ၊ အညို
စိုစွတ်မှုထက် ခြောက်ခန်းမှု၊ အသစ်ထက်အဟောင်းများနေတဲ့
သူ့ရဲ့ အသားအရည်တွေလဲ ပျော့တွဲအိကျနေခဲ့ပေါ့ ….

သင့်ခြင်း၊ မသင့်ခြင်းတွေကို အတ္တပြင်းပြင်းနဲ့ ပုံဖော်ဖူးပြီ
လက်တွဲသူ၊ ကျန်ရစ်သူတွေနဲ့ နေခဲ့ဖူးပြီ
အတ္တ၊ ပရ လွန်းဆံနှစ်ခုမှာ လူးလာခေါက်တုံ အခန်းစုံခဲ့ပြီ

အခုတော့ …
အခြေခံအကျဆုံးအတ္တတွေကတောင် အရောင်မစုံတော့
ပုံစံခွက်တွေရဲ့ ပြောင်းလဲပျော်ဝင်မှုမှာ
ဒါဏ်ရာတွေနဲ့ မျက်နှာတစ်ခုသာ ကျန်ခဲ့ပေါ့ ….

“ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့” ဆိုတဲ့
ဆရာတော်ဘုရားရဲ့ တရားတော်လည်းမသိတော့
မွေး၊ အို၊ နာ၊ သေ သံသရာထဲမျောနေတာတောင်
သူ ..
မွေးခြင်း၊ အိုခြင်း၊ သေခြင်းတွေကို မသိနိုင်တော့
နာခြင်းတွေသာ တစ်ခါတစ်ခါ သိတစ်ချက်၊ မသိတစ်ချက်
“ငါ” ဆိုတဲ့ သံယောဇဉ် မျှင်မျှင်လေးသာ
မောဟ မြူတွေ ဖုံးပြီး
သူ့မှာ ကျန်နေတော့တယ် ….

(ကျွန်တော့်အဖွား အသက်(၈၅)နှစ်ပြည့်မွေးနေ့တုန်းက ရေးထားတာပါ။
အခုတော့ ဆုံးသွားတာကြာပါပြီ)

ဆောင်းညရင်ခွင်

July 7th, 2007

ဆောင်းညရင်ခွင်

နှင်းစက်ကြွေသက် နရီစည်းချက်
လေညင်းအဆန် နူးညံ့ပွေ့ဖက်
“လ” ရိပ်နုအေးအေး
ရင်ခုန်မှုနွေးနွေး
သံစဉ်နိမ့်မြင့်ရင်ခွင် ရွက်ကြွေလွင့်မျောလေနှင် …

အလင်းတစ်ချို့ ကြဲဖြန့်လျှက်
အလွမ်းတစ်ချို့ ကြွေကျလျှက်
ဆောင်းရနံ့သင်းသင်း
အချစ်ရနံ့ ပြင်းပြင်း
လှိုက်ဖိုနွမ်းနယ် မိန်းမောလွယ်မိ
ရင်မှ မျက်ရည် ပျက်ကြွေလုပြီ …

ဆည်းလည်းသံ ချိုချိုလွင်လွင်
ငြိမ်းအေးရင်ခွင် ညှို့ငင်မှုတွင်
အမြိုက်ရေအေး တစ်ခွက်
စွဲလမ်းနှောင်ဖွဲ့မှု တစ်ဖက်
အသိအမြင် ထွေပြား
သတိမယှဉ်ေ၀၀ါးခဲ့ …

မောင်ဥပေက္ခာ