Archive for September, 2007

Request

September 19th, 2007
ကျွန်တော် အခုတစ်လော ဘလော့ဖက်မလှည့်နိုင် ဖြစ်နေပါတယ်ခင်ဗျာ .. ကျွန်တော် www.unisonity.net မှာ ရှိပါတယ်။ သူ့အတွက်ပဲ အချိန်ပြည့်နီးပါး ပေးထားရတော့ ဘလော့ဖက်ကို ဘယ်လိုမှ မလှည့်နိုင် ဖြစ်နေပါတယ်။ ဒီတော့ လာလည်တဲ့သူတွေကို www.unisonity.net ကို လာခဲ့ဖို့ဖိတ်ခေါ်ပါရစေ။ ကူညီနိုင်တာများရှိရင် လည်းကူညီကြပါလို့ ပန်ကြားလိုပါတယ်။ ဘာတွေ ဖြစ်ချင်နေလဲ လို့မေးရင်တော့ ဖြစ်ချင်တာ အများကြီးပါ။ ဒါပေမယ့် ဖြစ်ချင်တာတဲ့ အခုလုပ်နေတာနဲ့ ယှဉ်ရင်တော့ အများကြီးနည်းလွန်း နေပါသေးတယ်။ ဒါပေမယ့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုသလို ကြိုးစားနေပါတယ်။ သူငယ်ချင်းများလည်း ကူညီကြပါလို့ ဖိတ်ခေါ်ပါရစေခင်ဗျာ ….

ရူး တိုးတိုး တရားထိုင်နေတယ် …

September 16th, 2007

ဒီတစ်ခါတော့ ရယ်စရာလေး ရှဲပါရစေ … ကြည့်ပြီးသားဆိုရင်လည်း ဆောရီးပါ။

အခြေခံအဆင့်များကို လျော့ချနိုင်ရေး …

September 7th, 2007
ကျွန်တော် သိသမျှ လူငယ်တွေကို မေးဖြစ်ပါတယ်။ မင်းအခုဘာတွေ လုပ်နေလဲပေါ့။

`ကျွန်တော် ကွန်ပျူတာအခြေခံတက်နေတယ်´
`ကျွန်တော် အင်္ဂလိပ်စာ အခြေခံတက်နေတယ်´
`ကျွန်တော် စာရင်းကိုင် အခြေခံတက်နေတယ်´ စသည်ဖြင့် ဖြေကြပါတယ်။ အားလုံးအဖြေတွေ တော်တော်များများမှာ အခြေခံဆိုတာ တွေပါနေတာပါပဲ။ အားလုံးက အခြေခံတွေထဲမှာ နစ်နေကြပါတယ်။ ဒီအဖြေတွေထဲမှာ စာရင်းကိုင် အခြေခံတက်နေတယ်တို့ Management အခြေခံတက်နေတယ် ဆိုတာတွေကိုတော့ ကျွန်တော် နားလည်နိုင်ပေမယ့် ကွန်ပျူတာတို့ အင်္ဂလိပ်စာတို့ကိုတော့ အခြေခံတွေနဲ့ပဲ နစ်မနေ သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အမှန်က ကျောင်းကတည်းက အခြေခံကို ပိုင်ခဲ့သင့်တယ်လို့ ယူဆပါတယ်။ ထားလိုက်ပါတော့ ….

တကယ်တန်း ကျွန်တော်တို့သွားရမှာက အခြေခံအဆင့်မဟုတ်ပါဘူး။ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အဆင့်မြင့်နေရာတွေပါ။ ဘယ်နယ်ပယ် မှာမဆို အခြေခံထက်မြင့်တဲ့ အဆင့်တွေကို ရောက်ဖို့လိုပါတယ်။ အခုမှ ဆယ်တန်းအောင်ပြီး တစ်နှစ်လောက် ရှိသေးတဲ့သူအတွက် အခြေခံဆိုတာ လက်ခံနိုင်သေးပေမယ့် အသက်သုံးဆယ် အရွယ်တွေလည်း အခြေခံဆိုတော့ ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်မလဲဗျာ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အခြေခံအဆင့်လိုအပ်ချက်တွေကို လျော့ချဖို့လိုပါတယ်။

ကျွန်တော်တို့ ဘယ်လိုလျော့ချ ကြမလဲ။ အခြေခံဆိုတာ လူတိုင်းအလွယ်တကူ ရနိုင်တဲ့အရာ၊ အလကားရတဲ့ အရာ ဖြစ်အောင်လုပ်ပစ် ရပါမယ်။ အခြေခံဆိုတာ ထမင်းစားရေသောက် အဆင့်ရောက်တဲ့ အထိနှိမ့်ချပစ်ကြရပါမယ်။ အခြေခံအဆင့်ကို လူတိုင်း သင်သူလို့ လွယ်ကူအောင် ဖန်တီးပစ်ကြရပါမယ်။ ဖြစ်နိုင်ရင် သင်တန်းကျောင်းတွေအနေနဲ့ အခြေခံအဆင့်အတွက် ပိုက်ဆံမယူပဲ သင်ပေးနိုင် ရပါမယ်။ ဒါကတော့ လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်သေးပါဘူး။ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်ပါတယ်။

နောက်ထပ်တတ်နိုင်တဲ့ အခြေအနေတစ်ခု ရှိပါသေးတယ်။ Open Learning System ပါ။ Open Learning Movement တွေ လုပ်နိုင်ဖို့ လိုပါတယ်။ ဖိုရမ်တွေဟာ ဒီအတွက် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ဖိုရမ်ကနေ သင်ပေးတာဟာ အခုလက်ရှိမှာ အဆင်အပြေဆုံး အနေအထားတစ်ခု အဖြစ် ကျွန်တော်သုံးသပ်မိပါတယ်။ ဖိုရမ်အသုံးပြုတတ်အောင် ဖိုရမ်ယဉ်ကျေးမှု ထွန်းကားလာ အောင်ကြိုးစားပြီး ဖိုရမ်တွေကနေ အခြေခံအဆင့်တွေကို လျော့ချလို့ရပါတယ်။

နောက်တစ်ချက်က ကလေးဘ၀ကတည်းက ထိရောက်တဲ့ အခြေခံအဆင့် လျော့ချရေး အစီအစဉ်တွေ လုပ်ဖို့လိုပါတယ်။ နွေရာသီကျောင်း ပိတ်ရက်တွေမှာ ပညာဒါနအစီအစဉ်တွေနဲ့ အခြေခံအဆင့်တွေကို တတ်မြောက်အောင် ကြိုတင်ဆောင် ရွက်နိုင်ရင် ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ အဆင့်မြင့်အဆင့်တွေကို တစ်ခါတည်း တက်နိုင်ပါလိမ့်မယ်။ လောလောဆယ် စဉ်းစားလို့ ရသလောက်တော့ ဒီလောက်ပါပဲ။