Archive for November, 2007

ဝမ်းမြောက်စွာကြိုဆိုပါတယ်

November 9th, 2007
ကျွန်တော် ဒီနေ့ မနက်ပိုင်း သတင်းကိုဖတ်တော့ မျက်ရည်တွေလည်လာအောင် ၀မ်းသာနေမိတယ်။ တကယ်ကို ကြိုဆိုပါတယ်ဗျာ။ လှိုက်လှုက်လှဲလှဲကို ကြိုဆိုပါတယ် ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေငြာချက်ကို ဖတ်ပြီး၊ အခုလက်ရှိ လူကြီးတွေရဲ့ တွေ့ဆုံဆွေး နွေးရေးခြေလှမ်းတွေကို ကြည့်ပြီး၊ နိုင်ငံရေးအရ တိုးတက်မှုတွေကို ကြည့်ပြီး မျက်ရည်တွေဝိုင်းနေမိတယ်ဗျာ။ အရမ်းလည်း ၀မ်းသာ တယ်။ ဒီလိုမျိုးဖြစ်လာဖို့ ကျွန်တော် မျှော်လင့်နေခဲ့တာ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ။ ကျွန်တော်တို့နိုင်ငံ လူကြီးတွေ ရန်ဖြစ်ကြတဲ့ ကြားထဲမှာ ညပ်ပြီး နွံနစ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ လူငယ်တွေ (အထူးသဖြင့်) ဦးနှောက်တွေ ဘယ်နှစ်ခုလောက် စတေးခဲ့ကြရ ပြီလဲ။ နိုင်ငံခြားကို ထွက်သွားကြတဲ့ ပညာတတ်တွေ၊ လူငယ်တွေ ဘယ်လောက်များနေပြီလဲ။ ကျွန်တော်တို့ နေ့စဉ်ဘ၀တွေမှာ မြန်မာဆိုတာ မျက်နှာငယ်နေရတာ ဘယ်လောက်ကြာပြီလဲ။

ကျွန်တော့်အမြင်က ရိုးရိုးလေးပါ။ လူကြီးတွေ ရန်ဖြစ်နေကြတာပါ။ တစ်ဖက်နဲ့ တစ်ဖက် အညိုးအတေးတွေ၊ မာန်မာနတွေ၊ ၀ါဒရေးရာ တွေကြောင့် ရန်ဖြစ်နေကြတာပါ။ တကယ်တော့ ဒီလူကြီးတွေ မပေါင်းလို့ မဖြစ်ဘူးဆိုတာ ကျွန်တော်ယုံကြည်နေခဲ့တာ ကြာပါပြီ။ တစ်ဖက်က လူကြီးတွေအနေနဲ့ နိုင်ငံကို အုပ်ချုပ်လာတဲ့ အတွေ့အကြုံတွေက အပြည့်အ၀ရှိသလို၊ တစ်ဖက်က လူကြီးတွေအနေနဲ့ လည်း နိုင်ငံတကာ အတွေ့အကြုံ၊ နိုင်ငံတကာ ကျောထောက်နောက်ခံအများကြီး ရှိပါတယ်။ နိုင်ငံကို အုပ်ချုပ်တတ်ရုံနဲ့ နိုင်ငံမတိုးတက်နိုင်သလို၊ နိုင်ငံတကာ အတွေ့အကြုံများရုံနဲ့လည်း နိုင်ငံတည်ငြိမ်အောင် စွမ်းဆောင်ဖို့ ခက်ပါလိမ့်မယ်။ အခုလိုမျိုး အတွေ့အကြုံဘက်စုံကြတဲ့ လူကြီးတွေ နှစ်ဦးနှစ်ဖက် ပေါင်းစည်းမိကြရင် ကျွန်တော်တို့ နိုင်ငံ မတိုးတက်စရာ မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။

ဒီလို ဖြစ်ထွန်းလာတဲ့ အဖူးအငုံလေးကို မကြွေပါစေနဲ့ ဘုရား ….

ဒီလို အဖူးလေးဖြစ်ဖို့ ကျွန်တော်တို့ ဆယ်စုနှစ်နဲ့ ချီပြီး စောင့်ခဲ့ရပါတယ် ဘုရား …
မြန်မာနိုင်ငံရဲ့ ကံဇာတာဟာ အတက်ဖက်ကို ဦးတည်လာပြီ ဖြစ်လို့ အတက်ဖက်ကိုပဲ ဆက်သွားပါစေဘုရား … မပျက်စီးပါစေနဲ့ ဘုရား …
ဘုရားတပည့်တော်သည် တပည့်တော်ချစ်သည့် နိုင်ငံကို အမှန်တိုးတက်စေလိုပါသည် ဘုရား …
ဤမှန်သော သစ္စာစကားကြောင့်အဖူးအငုံလေးမှ တစ်ဆင့် အပွင့်၊ အပွင့်မှ အသီးဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံးအတွက် တစ်သက်စားမကုန်တဲ့ ပဒေသာပင်တွေအတွက် မျိုးစေ့ကောင်းတွေ ဖြစ်ပါစေသား ….