Archive for August, 2008

ဒီနေ့ သမီးလေး သုံးနှစ်ပြည့်တယ်

August 27th, 2008

ဒီနေ့ သမီးလေး ရွှန်းရွှန်း သုံးနှစ်ပြည့်တယ် …

သမီးလေး ပျော်ရွှင်ပါစေ …

ဘ၀မှာ အောင်မြင်မှုတွေ တစ်ခုပြီး တစ်ခု ရနိုင်ပါစေ …

ပညာတော်ပါစေ … တတ်ပါစေ …


» More: ဒီနေ့ သမီးလေး သုံးနှစ်ပြည့်တယ်

သားတို့ဆောင်ပုဒ်

August 25th, 2008

ကျွန်တော့် အဖေ ငယ်ငယ်တုန်းက အလွတ်ကျက်ခိုင်းခဲ့တာလေး ပြန်ဖောက်သည်ချ ချင်ပါတယ်။ အဖေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ပါ။

၁။ ကျွန်တော်သည် မိဘကျေးဇူးကို ဘယ်တော့မှ မမေ့ပါ

၂။ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုပါသည်

၃။ ရိုးသားသူ၊ ကြိုးစားသူ၊ ပျော်ပျော်နေတတ်သူ ဖြစ်သည်

၎။ ကစားရာတွင် အစဉ် သတိနှင့် ကစားမည်

၅။ ပညာကို အချိန်ရှိခိုက် အထူးကြိုးစား ကျက်မှတ်ရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။

ဒီသားတို့ ဆောင်ပုဒ်လေးဟာ ခုအသက်အရွယ်အထိ အသုံးဝင်နေဆဲ၊ အသုံးဝင်နေလျှက်ပါပဲ အဖေရေ …

အဖေကျမ်းမာ ချမ်းသာပြီး သက်ရာကျော်ရှည်နိုင်ပါစေလို့ သားဆန္ဒပြုပါတယ် …

သမီးလေး လည်လိုက်ပုံများ

August 25th, 2008

သမီးလေး ရွှန်းရွှန်းလည်လိုက်ပုံများ ပြောပြရဦးမယ်ဗျာ …

သူ့ကို နို့ဖြတ်တော့ အေးငြိမ်းသီတာဆေးတွေ သုတ်ပြီး နို့ပေါက်ပြီး ခါးသွားတယ်လို့ ပြောပြီး ဖြတ်ရတာပေါ့ဗျာ။ သူကလည်း နို့တော့ သူဆို့လွန်းလို့ ပေါက်ပြီး ခါးသွားပြီ ဆိုပြီး မဆို့တော့ပါဘူး။ ဒါနဲ့ တော်တော်ကြာသွားတယ်။ ကျွန်တော့်အထင် သုံးလ လောက်ကြာသွားမယ် ထင်တယ်။

ဟိုတစ်နေ့ကဗျာ သူ့ အဖွားက အေးငြိမ်းသီတာ သောက်တယ်။ အဲဒီအချိန်မှာ ရွှန်းရွှန်းက ဘေးမှာရှိတယ်။ ဒါနဲ့ ဆေးဘူးအနံ့ရတော့ ယူကြည့်တယ်။ ပြီးတော့ သေသေချာချာ နမ်းကြည့်တယ်။ ပြီးတော့ …

မေမေ့ချိုချို ပေါက်သွားတယ်ဆိုတာ အေးငြိမ်းသီတာတွေ သုတ်ထားတာကိုးတဲ့ဗျာ …

ဒီလောက်ကြာတဲ့ အချိန်မှာ သူမှတ်မိနိုင်တာ အံ့သြစရာပဲဗျာ … ပြီးတော့ အနံ့ကို မှတ်မိပြီး ကောက်ချက်ဆွဲနိုင်တာ အံ့ရောဗျာ …. ခုမှ သုံးနှစ်ပဲ ရှိသေးတယ်။

ပန်းနုရောင်ညရဲ့ ခရီးသည်

August 19th, 2008

လမ်းခုလတ်တစ်ခုမှာ

နောက်ပြန်မရတဲ့ လမ်းတစ်လျောက်

လမ်းပြန်လျောက်နေတဲ့ စိတ်တစ်စုံ

ရနံ့ကုန် ခြေရာပျောက် ပန်းခင်း၊

တိုက်စားခံရတဲ့ မျှော်လင့်ချက် ကမ်းပါး၊

မျက်ကန်းလမ်းလျှောက် ပုံဖော်မှုပေါ်

အိပ်ပျက်ညတစ်ညမှာ

ပြန်သွားနားခိုခဲ့ ….

ဒီလိုနဲ့ပဲ …

ဒြပ်မဲ့ အထုပ်အပိုးတွေကို ပြန်ဖြည်

အထပ်ထပ် ချည်ထားတဲ့ ကြိုးထုံးတစ်ချို့နဲ့

စိတ်ကူးယဉ် အရသာတွေကို စားသုံး၊

ပျောက်ဆုံးသွားတာတွေကို ရှာဖွေးရင်း

ည အချင်းချင်းရဲ့ ပဋိပက္ခမှာ

ငါတစ်ယောက်တည်း

မိုးလင်းနေခဲ့ …

နောက်ဆုံးတော့လည်း …

ဇောချွေးပျံ တမ်းတမှု

သင်ခန်းစာ တန်ဖိုးအမျိုးမျိုး

နင်းချေထားခဲ့တဲ့ အမှန်တရားရဲ့

ပျိုး၊ ပျက် တံလျှက် ရင်ခွင်ထက်မှာ

ပျံသန်းခြောက်လှန့် မူးဝေ

စေတသိက် တွန်းကန်မှုတွေနဲ့

ညတစ်ညပေါ့ …. ။ …… ။

အိုင်ဒီယာ အဟောင်းများ ရောင်းရန်ရှိသည်

August 16th, 2008

The difficulties lie, not in the the new ideas, but in escaping from the old ones, which ramify, for those brought up as most of us have seen, into every corner of minds

အဓိကကျသော အခက်အခဲမှာ အိုင်ဒီယာ အသစ်များ ရရှိရေး မဟုတ်ဘဲ ကျွန်ုပ်တို့ အားလုံး ကြီးပြင်းလာကြသော ဘဝ ပတ်ဝန်းကျင်မှ ပုံလောင်း လိုက်ခြင်းကြောင့် ဦးနှောက်အတွင်း အရိုးစွဲနေသော အိုင်ဒီယာ အဟောင်းများမှ စွန့်ခွာနိုင်ရေး ဖြစ်သည်

The Voice ဂျာနယ်၏ Editorial မှာ ပါလာသော စာသားလေးကို ဖတ်ပြီး ကျွန်တော် အတွေးနယ်ချဲ့မိပါသည်။ အိုင်ဒီယာ အဟောင်းတွေတဲ့။ အိုင်ဒီယာအဟောင်းတွေ ဆိုတာ ဘယ်လိုမျိုးလဲ။ အရင် အတက်ကြွလွန် ခေတ်က မဟာ အိုင်ဒီယာကြီးတွေ (ခုတော့လည်း ပျက်စီးတဲ့ဟာက ပျက်စီး၊ ပုံစံပြောင်းတဲ့ဟာ ပြောင်းကုန်ပါပြီ) ကို ခေါ်တာလား။ ကျွန်တော်ကတော့ အဲဒီလို မဟာအိုင်ဒီယာ ကြီးတွေနဲ့ အလှမ်းကွာ လွန်းပါသည်။ ကျွန်တော်မှာ အိုင်ဒီယာ အဟောင်းတွေ ဘာတွေရှိနေသလဲ။ သေချာတာ တစ်ခုကတော့ လူ့သက်တမ်း တစ်ခု၏ သုံးပုံတစ်ပုံလောက် ရောက်နေသော ကျွန်တော့်မှာ အိုင်ဒီယာ အဟောင်းတွေ ပြည့်နေမှာ သေချာပါသည်။ ဆာမူရိုင်း ဓားသမားတွေ ဓားနဲ့လူနဲ့ တစ်ထပ်တည်း ကျနေသလို အိုင်ဒီယာ အဟောင်းတွေနဲ့ ကျွန်တော် တစ်ထပ်တည်းကျပြီး reactive ဖြစ်နေတာတွေ တစ်ပုံတစ်ပင် ရှိနေနိုင်ပါသည်။

» More: အိုင်ဒီယာ အဟောင်းများ ရောင်းရန်ရှိသည်