Archive for November, 2008

အိပ်မက်မြို့

November 26th, 2008

မြို့ကလေးမှာ ဒီအချိန်ဆို

နှင်းတွေ စိုနေပြီလေ

မြက်ခင်း စိမ်းစိမ်းတွေမှာ

မြေနီလမ်းထက်မှာ

ကျွန်တော့် စိတ်တွေ ခုန်ပေါက်နေပြီလေ

ဒီိလိုသာ စိတ်တွေအတိုင်း

လိုက်ညီနေမယ်ဆိုရင်

ဒီလူ့အတွက် အိပ်မက် တစ်ဝပ်စာတောင်

ကျန်မှာမဟုတ်တော့ဘူး

ကြက်သွန်ခင်းတွေမှာ

တောင်တန်းပြာတွေမှာ

ထုံးဖြူဖြူဘုရားလေးမှာ

သူတို့ရှိခဲ့ ကြတယ်

သူတို့ ဖြစ်ခဲ့ကြတယ်

ဒါပေမယ့် ဖြစ်တည်မှုတိုင်းသာ

အစိုင်အခဲ အဖြစ်ကျန်ရစ်မယ်ဆိုရင်

ကမ္ဘာကြီးမှာ ခြေချစရာတောင်

ရှိမှမဟုတ်တော့ဘူး

သေချာတာ တစ်ခုကတော့

သူတို့ ဆော့ကစား ပစ်ဖောက်ထားခဲ့တဲ့

သစ်ခေါက်တွေတောင်

ခုဆို ဒါဏ်ရာပျောက်လို့

သူတို့ကိုတောင် မေ့နေလောက်ပြီ

ဒါပါပဲလေ

မြို့လေးကို သူတို့က သွားခဲ့ကြတာပဲ

သူတို့ဆီကို မြို့လေးက လာစရာမှ မလိုတာ။          ။

အသက် = တန်ဖိုး

November 21st, 2008

ကျွန်တော် ဘဝင်မကျတာလေး တစ်ခုကို ရေးချင်ပါတယ်။ ကျွန်တော်တို့ အိမ်နောက်ဖေးမှာ အသုဘတစ်ခုရှိပါတယ်။ အဖွားကြီး တစ်ယောက် အသုဘပါ။ အသုဘပဲ၊ ဘာဆန်းလို့လဲဆိုရင် ခုသေသွားတာ ခွေးရူးကိုက်တာပါ။ ဖြစ်ပုံက ဒီလိုဗျ။

လွန်ခဲ့တဲ့ တစ်လခွဲလောက်က ခွေးတစ်ကောင်ကို လူတွေ ဝိုင်းရိုက်ကြတယ်။ အိမ်ရှေ့မှာဆိုတော့ ကျွန်တော်လည်း ထွက်ကြည့်မိတယ်။ ခွေးရူးတဲ့ဗျ။ လူတွေက တစ်ပုံကြီး ဝိုင်းလိုက်ကြပြီး ရိုက်လိုက်ကြတာ သေသွားတယ် ဆိုပါတော့။ ကျွန်တော်လည်း လူတွေ ကိုက်သွားသေး လားဆိုတော့ အိမ်နောက်ဖေးက အဖွားကြီး တစ်ယောက်ကို အိမ်ပေါ်ထိ တက်ကိုက်သွားတာတဲ့ဗျ။ တကယ့်ကို ခွေးက အိမ်ပေါ် တက်ဖို့ဆိုရင် လှေခါး ခြောက်ထစ်လောက် တက်ရတာကို ရအောင် တက်ပြီး ကိုက်သွားတယ်တဲ့။ ကျွန်တော်လည်း ခွေးကိုက်ခံရတဲ့ အဖွားကြီးကို ချက်ချင်း ဆေးထိုးဖို့ ပြောလိုက်သေးတယ်။

အဲဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီနေ့မှာ အိမ်နောက်ဖေးက အသံတွေကြားလို့ မေးကြည့်တော့မှ အသုဘမှန်း သိရတာ။ ဟိုအရင် တစ်ခါ ကျွန်တော်တို့ ပြောတဲ့ ခွေးကိုက်ခံရတဲ့ အမေကြီး ဆုံးသွားတာတဲ့။ ဟိုတစ်နေ့က ရောဂါဆိုးလာလို့ ဆေးသွားထိုးတာ တစ်လုံးပဲ ထိုးရသေးတယ်တဲ့။ သေသွားရောတဲ့ဗျာ ….

ဒီလိုသေသွားတာ ခွေးရူးကိုက်ခံရလို့ ဆိုတာ ထားပါတော့။ ဆေးကို စောစော ဘာလို့ မထိုးတာလဲဗျ။ ကျွန်တော့် အမြင် စောစောစီးစီး ထိုးရင် ဘာမှ ဖြစ်မယ် မထင်ဘူးဗျ။ ဘာဖြစ်လို့ ဒီလောက်ပေါ့ရတာလဲ။ အသိပညာ မရှိလို့လား။ ပိုက်ဆံ မရှိလို့လား။ ဒါနဲ့တောင် သေခါနီးမှ ဘာလို့ ဆေးသွားထိုးသေးလဲ။ အမှန်က ပေါ့ဆတာလို့ ကျွန်တော် ထင်တယ်။ ဒီလောက် တန်ဖိုးကြီးတဲ့ အသက်တစ်ချောင်းကို ဒီလို ပေါ့ပေါ့ဆဆ ထားလိုက်တော့ တန်ဖိုးမဲ့သွားတာပေါ့ဗျာ။

အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော် ဆေးထိုးဖို့ ပြောတုန်းက ဘာလို့ သွားမထိုးတာလဲဆိုတော့။ ကံပါလာတာပဲ ဆရာရယ်တဲ့။ အိမ်ပေါ်ထိတောင် တက်ကိုက်ခံရတာပဲ။ ဝဋ်ကြွေးပါလာတာကိုးဗျ တဲ့ဗျ။

ကျွန်တော်ကြားမိသည်များ အပိုင်း (၁)

November 15th, 2008

အမှတ်စဉ် (၁)

ကျွန်တော့် သူငယ်ချင်းတစ်ယောက် နိုင်ငံခြားက ပြန်လာတယ်တဲ့။ သူတို့ အလုပ်က ပိတ်လိုက်လို့လေ။ အဲဒါ ပြန်လာရတယ်။ ခုဖြစ်နေတဲ့ အမေရိကန် စီးပွားရေး အကြပ်အတည်း ကြောင့်လို့တော့ ပြောတာပဲ။

အမှတ်စဉ် (၂)

ကျွန်တော်နိုင်ငံခြား သွားမလို့ဗျာ။ အကုန် ပြင်ဆင်ပြီးနေပြီ။ ပိုက်ဆံလည်း တော်တော်ကုန်နေပြီ။ ဖြစ်ချင်တော့ သူတို့က လစာကို တစ်ဝက်ပဲ ပေးနိုင်တော့မယ်တဲ့။ အဲဒါ ခု ဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်းကြောင့်လို့တော့ ပြောတာပဲ။

အမှတ်စဉ် (၃)

ကျွန်မတို့ အလုပ်လည်းရေရေလည်လည် ထိတယ်။ ကမ္ဘာ့ရေနံဈေး ထိုးကျတော့ ကျွန်မတို့ ကော်စိလုပ်ငန်းကို ရေရေလည်လည် ထိတယ်။ ဈေးတွေ ထိုးကျသွားတယ်။ အရင်က အလုပ်သမား ၁၅၀ ကျော်ရှိတာ၊ ခု ၁၀ ယောက်လောက်ပဲ ထားနိုင်တော့တယ်။

အမှတ်စဉ် (၄)

ကျွန်တော်ကားလေးကို စက်ရုံမှာ ဖယ်ရီထည့်မလို့ လုပ်ထားတာ၊ ဖြစ်ချင်တော့ စက်ရုံက ပိတ်သွားတယ်ဗျ။ အော်ဒါမရတော့လို့တဲ့။ ခုဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်း ကြောင့်လို့တော့ ပြောတာပဲ။

ကျွန်တော်ဘာဖြစ်လို့ ပျော်နေတာလဲ

November 12th, 2008

ကျွန်တော် အိုဘားမားနိုင်သွားတော့ ပျော်နေတယ်။ ဘာဖြစ်လို့ ပျော်နေတာလဲ ဆိုတာကို သုံးသပ်ကြည့်မိတယ်။ တကယ်တန်းပြောရရင် အိုဘားမား အကြောင်း ကျွန်တော် သေသေချာချာ မသိပါဘူး။ သူ့ကို ဓာတ်ပုံတွေမှာ တွေ့ဖူးတာရယ် သူ့ လက္ခဏာကို ကြည့်လိုက်တော့ ဟိုးအောက်ခြေကနေ အပေါ်ဖက်ထိ ထိုးတက်နေတဲ့ထီးရိုးရယ်၊ အသက်ကယ် လမ်းကြောင်းတွေ မြင်ရတော့ ဒီလိုတွေပါတဲ့သူက ဒီလိုဖြစ်တာ မဆန်းဘူးလို့တော့ တွေးမိပါတယ်။ နောက်ပြီး သူ့ မျက်လုံးတွေ၊ အရင် လူဖြူသမ္မတတွေနဲ့ မတူဘူး။ နှိမ့်ချမှုတွေ အများကြီးပါနေတယ်။ ကျွန်တော်တို့နဲ့ နီးနေသလို ခံစားရတယ်။ ဒီလောက်ပါပဲ။ ဒါနဲ့ ဘာဖြစ်လို့ သူနိုင်သွားတော့ ကျွန်တော် ပျော်နေတာလဲ။

ကျွန်တော်က အမေရိကန် Election တွေကို စိတ်ဝင်စားလေ့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အမျိုးသား အကျိုးစီးပွားအထိုင်ပေါ်က လုပ်ချင်ရာ လုပ်နေကြတဲ့သူတွေပဲ များနေတယ်။ ဒီ အိုဘားမားကျတော့မှ ဘာလို့ စိတ်ဝင်စားနေပါလိမ့်ဗျာ … ကိုယ့်ကို ထမင်း လာကျွေးမှာလည်း မဟုတ်ပဲ၊ ကိုယ့်အတွက်လည်း အကျိုးစီးပွား တစ်စုံတစ်ရာမရှိပဲ ဘာဖြစ်လို့ သူ့ကို သဘောကျနေပါလိမ့်ဗျာ။ အဲဒါမှ ခက်တာပဲ။ ဒီတော့ ကိုယ့်ရဲ့အတွင်းကျကျ စိတ်တွေကို ပြန်လေ့လာကြည့်မိတယ်။ တကယ့်ကိုဗျာ အော်တိုကြိုက်နေတာ။ ဒီလို ပြန်သုံးသပ်ကြည့်တော့

  • အားနည်တဲ့ဖက်က နေချင်တဲ့ ဆန္ဒ၊ လူဖြူတွေကြီးစိုးတဲ့ နေရာမှာ အားနည်းတဲ့ လူမည်းတစ်ယောက်ဖက်က နေချင်တာ
  • စစ်ပွဲတွေကို မုန်းနေတာ၊ ဘုရှ်လက်ထက်မှာ စစ်တွေပဲတိုက်နေတယ်၊ ဒီတော့ စစ်အကြောင်းတွေ ဖတ်နေရတာ တော်တော် စိတ်ကုန်နေပြီ၊ ဂျွန် မက်ကိန်းကလည်း စစ်တိုက်မယ်ဆိုတာပဲ၊ ဒါကြောင့် အိုဘားမားကို စစ်တွေရပ်ပစ်မယ့် သူအဖြစ် အားပေးတာ
  • နောက်ပြီး ကျွန်တော့် အစွဲတစ်ခုလား မသိဘူး၊ အမေရိကန်မှာ ဒီမိုကရက်တွေ တက်လာရင် ကျွန်တော်တို့ နိုင်ငံမှာ လုပ်ငန်းကိုင်ငန်းတွေ သာလာတတ်တယ်။ အဲဒီအစွဲကြောင့် ဒီမိုကရက်ကို ထောက်ခံတာလဲပါတယ်
  • နောက်ပြီး အိုဘားမားရဲ့ နှိမ့်ချတတ်တဲ့ မျက်လုံးတွေကြောင့်
  • ပြီးတော့ လူငယ်ဖြစ်နေလို့
  • နောက်ဆုံးအချက်ကတော့ ကမ္ဘာကြီးကို ခေါက်ရိုးကျိုးနေတာတွေကနေ ဆွဲထုတ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ဗျာ ….

ကျွန်တော်နှင့် အရှုပ်ထုပ်များ

November 7th, 2008

ကျွန်တော်ဆိုတဲ့ကောင်က ဘယ်တော့မှာ ငြိမ်ငြိမ်မနေတတ်ဘူး၊ အမြဲတစ်ခုမဟုတ် တစ်ခုနဲ့ ရှုပ်နေရမှ ကြေနပ်တယ်။ အိုင်းစတိုင်းကြီး ပြောခဲ့တာ သတိရတယ်။ ကောက်ရိုးပုံထဲမှာ အပ် ပျောက်သွားတယ်။ ဒါကို အပ် ပြန်ရှာတယ်။ အပ်ပြန်တွေ့တာတောင် ငါက ဆက်ရှာ နေဦးမှာပဲတဲ့။ ကျွန်တော်လည်း အဲဒီလို အထဲမှာပါတယ် ထင်တယ်။ အပ်တွေ တစ်ချောင်းပြီး တစ်ချောင်း တွေ့တာတောင် ကောက်ရိုးပုံကို ဆက်ဖွနေတုန်း။ ကိစ္စများမြောင် လူတို့ဘောင်တဲ့။ ကိစ္စတွေကတော့ လုပ်လေများလေပဲ။ မြတ်စွာ ဘုရားရှင်ကတော့ ကိစ္စနည်းအောင် နေခြင်းသည် မင်္ဂလာ တစ်ပါးပဲလို့ ဟောခဲ့ပါတယ်။ ကျွန်တော်က ဆန့်ကျင်ဖက်များ ဖြစ်နေမလား။

ကျွန်တော်တစ်ယောက်တည်း ရှုပ်နေတာလားလို့ မိတ်ဆွေ သူငယ်ချင်းတွေကို ကြည့်လိုက်တော့လည်း တစ်ယောက်မှာ မအားကြဘူး။ သူတို့ ဘာသာ သူတို့ ရှုပ်နေကြတာပဲ။ ကျွန်တော့် မိန်းမကိုကြည့်တော့လည်း ရှုပ်နေတာပဲ။ သမီးလေးလည်း ရှုပ်နေတာပဲ။ ဘယ်သူမဆို ရှုပ်နေတဲ့ အရှုပ်ထုပ်လောက ကြီးပဲ။ သမီးလေးဆိုလည်း ဘယ်တော့မှ ငြိမ်ငြိမ်နေတယ်မရှိဘူး။ လက်လှုပ်ရင် လှုပ်၊ မလှုပ်ရင် ပါးစပ်လှုပ်တယ်။ ကိုစေတန်ဆိုရင်လည်း ရှုပ်တာပဲ။ သူဆိုင်ကိစ္စ၊ သူ့ကောင်မလေးကိစ္စ၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ ရှုပ်နေတာပဲ။ ကိုဒီဘီအေ လည်း တူတူပဲ။ ဘယ်တောင် ပျောက်နေမှန်းမသိ။

အဲဒီလို ရှုပ်နေကြတာတော့ ဟုတ်ပါပြီ။ ဘာအတွက် ရှုပ်နေကြတာလဲ။ ကျွန်တော်တို့ ရှုပ်နေကြတာ မှန်ကော မှန်ရဲ့လား ဆိုတာကို လောကုတ္တရာ ပေတံနဲ့ တိုင်းကြည့်ချင်တယ်။ လောကီပေတံနဲ့ တိုင်းမယ်ဆိုရင်တော့ မှန်နေမှာပဲဗျ။ သမုဒယသစ္စာကိုးဗျ။ လောကုတ္တရာပေတံနဲ့ တိုင်းကြည့်တော့ ကျွန်တော်တို့ ရှုပ်နေတာတွေက သိပ်တော့ မဟုတ်သေးဘူးထင်တယ်ဗျ။ ဒါနဲ့ မိန်းမကို ပြောဖြစ်တယ်။ ကျွန်တော်တို့ တရားစခန်းလေး ဘာလေးဝင်ကြရအောင် ဆိုတော့။ ကလေး မူကြိုတက်ရဦးမယ်။ အလုပ်ကလည်း ထားခဲ့လို့ ဘယ်ရမလဲ။ စသည် စသည်ဖြင့်တွေက တစ်ပုံကြီးဗျာ …

အရှုပ်ထဲမှာ ရှင်းအောင်နေရမယ်တဲ့။ ဆရာတော် ဦးဇောတိကက ပြောတယ်။ ဟုတ်တယ် စိတ်ထဲမှာ ရှင်းအောင်တော့ နေရမယ်။ သူဘာသာ ပြင်ပမှာ ရှုပ်ချင်သလောက်ရှုပ် ကိုယ့်စိတ်ထဲမှာ ရှင်းအောင်နေရမယ်လေ။ ဒေါသတွေ မကပ်စေနဲ့။ လောဘတွေမကပ်စေနဲ့။ မောဟတွေ မကပ်စေနဲ့။ စိတ်ကလေးကို ရှင်းနေအောင် ထားရမယ်။ ခက်တာက ဒီလိုလုပ်ဖို့ဆိုတာ အလေ့အကျင့်တွေ အများကြီး လိုလာပြန်ရောဗျ။ ခက်တော့နေပါပြီ။

အဲဒါနဲ့ … မိတ်ဆွေ တစ်ယောက်ကို မေးကြည့်ဖြစ်တယ်။ ခင်ဗျားကြည့်ရတာ အေးလိုက်တာ ရှုပ်ရှုပ်ရှက်ရှက်လည်း မတွေ့ရဘူး။ တစ်နေ့ တစ်နေ့ အေးဆေးပဲ။ ဘယ်လို ရှင်းအောင်နေလဲဗျာ ဆိုတော့ … သူကပြောတယ်။ ကျွန်တော်က မနက်ဆို မိန်းမထည့်ပေးတဲ့ ထမင်းချိုင့် ယူလာတယ်ဗျာ။ ဒီမှာ တစ်နေကုန် လာထိုင်တယ်။ ဖုန်းစောင့်ပေးတယ်။ ဖုန်းစောင့်ပေးတဲ့ အချိန်မှာ ပက်လက်ကုလားထိုင်မှာ ထိုင်တယ်။ ဝထ္တုတွေဖတ်တယ်။ ညနေဆိုပြန်တယ်။ ဘတ်ငွေလေးယူပြီး ယမကာဆိုင်သွားတယ်။ တစ်ခွက် တဖလားမော့တယ်။ အိမ်ပြန်အိပ်တယ်။ မိန်းမက ပိုက်ဆံအရှာ ကောင်းတယ်လေဗျာ။ ကျွန်တော် အိမ်မှာနေနေရင် ပိုက်ဆံပိုကုန်လို့ ကျွန်တော့်ကို ဒီကိုလွတ်ထားတာ။ အဲဒီလိုနေလာတာ နှစ်တွေ မနည်းတော့ဘူးပဲ။ ခင်ဗျားလည်း အဲဒီလို နေပါလားဗျတဲ့။ ကဲဗျာ … ကောင်းရော …. ရှင်းနေတာပဲ။