Archive for December, 2008

ဘာသာစကားမျိုးစုံနှင့် အင်တာနက်ကို ရေးသားခြင်းနှင့် အနာဂတ်

December 31st, 2008

အင်တာနက်ရဲ့ နောက်လာမယ့် အခန်းကဏ္ဍက အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ မပြည့်စုံ မလုံလောက် နိုင်တော့ပါဘူး။ အာရှတိုက်က အင်တာနက်သုံးစွဲသူ အရေအတွက်က မြောက်အမေရိကက အင်တာနက်သုံးစွဲသူ အရေအတွက်ထက် နှစ်ဆပိုများပါတယ်။ ၂၀၁၂ ခုနှစ်မှာ သုံးဆ ဖြစ်လာပါလိမ့်မယ်။ ဂူးဂဲမှာ ရှာဖွေတဲ့ စာကြောင်း (search queries) တွေရဲ့ တစ်ဝက်ထက်ပိုတဲ့ ပမာဏက ယူအက်(စ်) ပြင်ပက ဖြစ်နေခဲ့တာ ကြာပါပြီ။

အင်တာနက် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်က ရမ်ပါကပ်(ရှ်)လို စွန့်ဦးသမားတွေ အတွက်တော့ မဟာအခွင့်အရေးပါပဲ။ ရမ်က အိန္ဒိယရဲ့ ဆီလီကွန်ဘယ်လီလို့ ဆိုနိုင်တဲ့ ဘန်ဂလော ပြင်ပမှာနေတဲ့ အင်ဂျင်နီယာ တစ်ယောက်ပါ။ ရမ်က အင်္ဂလိပ်စာကို ဆယ်ကျော်သက် အရွယ်ကတည်းက သင်ခဲ့တာပေါ့။ ဒါပေမယ့် ရမ်က သူ့ မိတ်ဆွေတွေ မိသားစုတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှာ မိခင်ဘာသာစကား ဖြစ်တဲ့ ကန်နာဒါ (Kannada) နဲ့ ပြောရတာ ပို ခံတွင်းတွေ့ ပါတယ်တဲ့။ ကန်နာဒါ ကို အင်တာနက်မှာ သုံးဖို့ဆိုပြန်တော့ ကီးဘုတ်မြေပုံ(Keyboard Maps) တွေလိုလာ ပြန်တယ်။ အဲဒီလို ကီးဘုတ်မြေပုံတွေ လေ့လာဖို့ကျတော့ ရမ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ပြည့်နှက် နေပါတယ်။

၂၀၀၆ ခုနှစ်မှာ ရမ်က Quillpad ဆိုတဲ့ တောင်အာရှဘာသာစကား ဆယ်မျိုးနဲ့ ရိုက်နိုက်တဲ့ အွန်လိုင်း ဝန်ဆောင်မှု(Online Service) တစ်ခု တည်ထောင် နိုင်ခဲ့တယ်။ အသုံးပြုသူတွေက ရောမ စကားလုံးတွေနဲ့ ကိုယ့်မိခင်ဘာသာ စကားအသံထွက်ကို ရိုက်ပေးဖို့ လိုပါတယ်။ Quillpad က အသုံးပြုသူ ပြောင်းလဲလိုတဲ့ ဘာသာစကားကို ပြောင်းလဲ ပေးပါတယ်။ ဘလော့ဂါတွေ စာရေးဆရာတွေက ရမ်ရဲ့ ဝန်ဆောင်မှုကို ညွှန်းဆိုရေးသား လာကြပါတယ်။ အဲဒီလို လူပြောသူပြော များလာတာကနေ နိုကီယာ(Nokia) လို ဆဲလ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ Google လို Search Engine တွေက ရမ်ရဲ့ ဝန်ဆောင်မှုကို မျက်စိကျလာပါတယ်။

အနောက်တိုင်း နည်းပညာကုမ္ပဏီတွေက အိန္ဒိယရဲ့ ဒေသအလိုက် သုံးတဲ့ဘာသာ စကားတွေကို နားလည်မှု လွဲနေတယ်လို့ ရမ်ကပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ဆယ်ပုံ တစ်ပုံကပဲ အင်္ဂလိပ်စကားကို ကောင်းကောင်းမွန်မွန် သွက်သွက်လက်လက် ပြောနိုင်ကြသလို ကောလိပ် ကျောင်းတော်သား တော်တော်များများကလဲ နေ့စဉ်ပြောဆို ဆက်ဆံတဲ့ နေရာတွေမှာလည်း ကိုယ့်ဘာသာစကား ကိုသုံးမှ အာတွေ့ လျာတွေ့ ဖြစ်ပါတယ်တဲ့။

“သူတို့ကို ရင်ထဲက ခံစားချက် အမှန်တွေအတိုင်း ဖော်ပြပြောဆိုခွင့် ပေးရမယ်။ သူတို့ကို ဟိုဟာ ဒီဟာတွေနဲ့ ရူးအောင်သွားမလုပ်နဲ့၊ အင်္ဂလိပ်လိုပဲ ပြောရမယ်ဆိုပြီး အတင်း မလုပ်ပါနဲ့ဗျာ” လို့ ရမ်က ပြောပါတယ်။

အင်္ဂလိပ်စာကို အခြေခံမထားတဲ့ အင်္ဂလိပ်စာမဟုတ်တဲ့ ဝက်စာမျက်နှာ(Content) တွေနဲ့ Application တွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် ဧရာမ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက အင်္ဂလိပ်စာမဟုတ်တဲ့ နိုင်ငံခြားဘာသာ စကားတွေ အသုံးပြုပြီး တည်ဆောက်ထားသော အင်တာနက်စာမျက်နှာ တည်ဆောက်ရေး လုပ်ငန်းတွေမှာ နှစ်စဉ် ငွေတွေ ပုံအောနေကြတာ ကြာပါပြီ။ Quillpad လို ပြည်တွင်း ကုမ္ပဏီတွေက သူတို့ကို အလဲမထိုးခင် အမြတ်ဝေစုတွေ ခွဲမယူခင်က ဆိုပါတော့။

“အင်္ဂလိပ်လိုသာ ဝက်(ဘ်)ဆိုက်တွေကို တင်လိုက် တကမ္ဘာလုံးက လူတွေက ဖတ်ကြလိမ့်မယ် ဆိုတဲ့နေ့တွေက ဒိတ်အောက်သွားပါပြီ” ဂျူပီတာသုတေသနမှ Senior Analyst ဖြစ်သူ ဇီယာ ဒယ်နီရယ် ဝက်ဂါက နယူးယောက်အခြေဆိုက် အွန်လိုင်း သုတေသန ကုမ္ပဏီတစ်ခုရဲ့ အချက်အလက်တွေကို အခြေခံပြီးပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ တရုတ်နဲ့ အမေရိကန် နောက် သုံးခုမြောက် အင်တာနက် အသုံးပြုသူ အများဆုံးဖြစ်ဖို့ ဟန်ပြင်နေတဲ့ အိန္ဒိယလိုနိုင်ငံမှာ နေရာတကာမှာ အဆီးအတား မရှိတဲ့ အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ ပိုပြီး ထင်ရှားနေပါတယ်လို့ ဂျူပီတာက ဆိုပါတယ်။ အိန္ဒိယသားတွေက သူတို့ ဘော့စ်ကို ဘာသာစကားတစ်မျိုး ပြောမယ်။ သူတို့ အိမ်ထောင်ဖက်တွေကို တစ်မျိုးပြောမယ်။ သူတို့ မိဘတွေကိုတော့ နောက်တစ်မျိုးနဲ့ ပြောနေ နိုင်ပါတယ်။ အဲဒီလို ပြောချင်ရာ ပြောနေတဲ့ အနေအထားမှာ စကားလုံးတွေ ကလည်း စုံစီနဖာ စကားသံတွေ စုထားတဲ့ အိတ်ကြီးထဲက ထွက်လာသလို ဖြစ်နေမှာပဲ။ (ကုလားတိုက် ကျားဝင်ကိုက်ဆိုသလို နေမှာပေါ့။)

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်မှာ ရဟူး နဲ့ ဂူးဂယ်က အိန္ဒိယနိုင်ငံက အင်တာနက် အသုံးပြုသူ တွေကို သူတို့ မိခင်ဘာသာ စကားတွေနဲ့ ရှာနိုင်၊ ဘလော့ရေးနိုင် သင်ယူနိုင်အောင် တစ်ဒါဇင်လောက်ရှိတဲ့ ဝန်ဆောင်မှုတွေ မိတ်ဆက်ပေးခဲ့ ကြတယ်။ မိုက်ကရိုဆော့(Microsoft) ကလည်း သူ့ရဲ့ ဝင်းဒိုးလိုက်(ဖ်)(Windows Live) အွန်လိုင်း ဝန်ဆောင်မှုမှာ အိန္ဒိယ ဘာသာစကား ခုနှစ်ခုကို အထောက်အပံ့ ပေးဖို့ တည်ဆောက် ပေးခဲ့ပါတယ်။ Facebook ကလည်း ရာပေါင်းများစွာသော ဗော်လံတီယာတွေ ရွေးချယ်ပြီး သူရဲ့ လူမှုကွန်ယက်စနစ် (Social Network) ကို ဟိန္ဒူ (Hindi) နဲ့ အခြား ဒေသသုံးဘာသာ စကားတွေကို ဘာသာပြန် စေပါတယ်။ အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း ဖြစ်တဲ့ ဝီကီပိဒိယ(Wikipedia)မှာ ဆိုရင်လဲ ကိုရီးယားထက် မိခင်ဘာသာစကားသုံး ထည့်သွင်း ရေးသားမှုမှာ ပိုပြီး များလာနေပါပြီ။

ဂူးဂယ်ရဲ့ ရှာဖွေရေး ဝန်ဆောင်မှုက တရုပ်နိုင်ငံရဲ့ ပြည်တွင်း ယှဉ်ပြိုင်မှုမှာ နောက်ကောက် ကျသွားတာက အိန္ဒိယမှာ ပြည်တွင်းအသားပေး ဝန်ဆောင်မှုတွေကို ဦးစားပေး အစီအစဉ်ထဲ မရောက်ရောက်အောင် တွန်းပို့ခဲ့တယ်။ ဂူးဂယ်ရဲ့ အိန္ဒိယမှာ ဓားမဦးချ အကောင်အထည် ဖော်တဲ့ လုပ်ငန်းတွေက နိုင်ငံရဲ့ သမိုင်းနဲ့ချီပြီး တိုးတက်မှု နှေးကွေးနေတဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ ဈေးကွက်ကို ဖွင့်ဖိုက ပထမ။ ဂူးဂယ် ရဲ့ တစ်ကမ္ဘာလုံးဖြန့်ကျက်ထားတဲ့ ဈေးကွက်တစ်ခု ပေါ်ထွက်လာဖို့ တည်ဆောက်နေတဲ့ ဝန်ဆောင်မှု တွေမှာ အသုံးချနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ် လေ့ကျင့်ပေးဖို့က ဒုတိယပါ။

“အိန္ဒိယဆိုတာ ဘယ်စနစ်ကြီးတွေနဲ့မဆို အလွယ်တကူ ချိတ်ဆက်နိုင်တဲ့ အစွမ်းရှိတဲ့ နေရာပဲ” လို့ အိန္ဒိယဂူးဂယ် ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အကြီးအကဲ ဒေါက်တာ ပရာဆပ်ရမ်က ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ဘာသာစကား (၂၂)မျိုး လောက်အသုံးပြုနေ ပါတယ်။ အဲဒီလို အသုံးပြု နေတဲ့အတွက် ကိုယ့်မှာ လွှမ်းမိုးထားတဲ့ ဘာသာစကား တစ်ခုတည်းအပေါ် အခြေခံပြီး တူညီတဲ့ နည်းလမ်းတစ်ခုတည်းနဲ့ ဘာသာစကား (၂၂)မျိုးကို ချဉ်းကပ်မယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ အဲဒီလို ရှုပ်ထွေး ပွေလီနေတဲ့ အဆင့်သစ်ကို (၂၂)မျိုး၊ (၂၂)နည်းနဲ့ ချဉ်းကပ်မှ ရနိုင်ပါလိမ့်မယ်။

ကမ္ဘာနဲ့ချီပြီးလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက နှစ်စဉ် သန်းရာချီနေတဲ့ ဒေါ်လာတွေကို သူတို့ အစီအစဉ်ချထားတဲ့ ဘာသာစကားတွေကို ဘာသာပြန်ဖို့အတွက် သုံးနေကြတယ်လို့ မင်ဆာချူးဆက်အခြေဆိုက် Common Sense Advisory က သုတေသန ဦးစီးမှူးဖြစ်သူ ဒယ်ပါမာက ပြောပါတယ်။

အဲဒီလို အစီအစဉ်တွေထဲမှာ အိန္ဒိယဆိုတာ ရုရှ၊ ဘရာဇီးနဲ့ တောင်ကိုးရီယားတို့နဲ့ ယှဉ်ရင် အဆင့် သတ်မှတ်ချက် နိမ့်ပါတယ်လို့ ဒယ်ပါမာက ဆက်ပြောပါတယ်။ (အိန္ဒိယက အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး(e-commerce) နဲ့ အွန်လိုင်း ကြော်ငြာ ဈေးကွက်တွေမှာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဖွံ့ဖြိုးမှု မရှိသေးပါဘူး)

ဆက်လက်ဖော်ပြပါမည် ….

၂၀၀၈

December 31st, 2008

ကျွန်တော်က နောက်ပြန်လှည့်ကြည့်လေ့ မရှိပါဘူး။ ဒါပေမယ့် ဒီ ၂၀၀၈ ခုနှစ်ကိုတော့ ဘဝတစ်လျောက်လုံး မှတ်မှတ်ရရ ရှိနေမယ့် နှစ်တစ်ခုပါပဲ။ အနိမ့်အမြင့် အတက်အကျတွေ များတဲ့နှစ်တစ်ခု ဖြစ်သလို အတွေးအခေါ်ဟောင်းတွေ မှားနေတယ်ဆိုတာ သိခဲ့ရတဲ့ နှစ်တစ်ခုလည်း ဖြစ်ပါတယ်။ တပည့်တွေ တော်တော်များများ ထွက်သွားသလို စီးပွားရေး လုပ်ငန်းမှာလည်း လိုအပ်ချက်တွေကို ရုပ်လုံးပေါ်စေတဲ့ နှစ်တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်တော့ ကိုယ် အနှစ်နှစ်အလလ ခံယူကျင့်သုံးလာတဲ့ မူဝါဒတွေ ပြောင်းလဲပစ်ဖို့ ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ဒါပေမယ့် ကြမ်းကြမ်း တမ်းတမ်းကို ပြောင်းလဲပစ်ခဲ့ရပါတယ်။ ဒီတော့ ၂၀၀၈ ခုနှစ်ဆိုတာ ကျွန်တော့် အတွက် အပြောင်းအလဲများသော နှစ်ခုပါပဲ။

(၁) အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲ

ကျွန်တော်အရင်က မိသားစုပုံစံ အုပ်ချုပ်ရေးမျိုးကို ကျင့်သုံးပါတယ်။ ကိုယ်တိုင်သင်ပေးတာတဲ့ မိမိကိုယ်တိုင် သင်ယူနိုင်အောင် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ဘေးကနေ ကူညီဖေးမ ပေးတဲ့ပုံစံကို သုံးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေမှာတော့ ကျွန်တော်ရည်မှန်းထားတဲ့ ရည်မှန်းချက် ကိုရောက်မလာပဲ။ မလိုလားအပ်တာတွေပဲ ဖြစ်လာခဲ့ပါတယ်။ ကြာလာတော့ သူတို့ရဲ့ ရပိုင်ခွင့်လို့ မြင်လာပါတယ်။ အဲဒီလို အပင်ပန်းခံ၊ ငွေကုန် ကြေးကျခံပြီး တည်ဆောက်ပေးထားတဲ့ ပတ်ဝန်းကျင်ကို မဟုတ်တာတွေမှာပဲ အသုံးချကြတာ တွေ့ရပါတယ်။ ကိုယ်က အင်တာနက်ကို အကျိုးရှိတဲ့နေရာမှာ သုံးဖို့ ပိုက်ဆံအကုန်ခံ တပ်ထားပေးခဲ့ပေမယ့် ချက်တင်မှာပဲ အချိန်ကုန်ခဲ့ကြပါတယ်။ တိုးတက်မှုတွေ ပိုပြီးတောင် ဆုတ်ယုတ်သွားတာ တွေ့ရပါတယ်။ ဒီတော့ အုပ်ချုပ်ရေးဆိုင်ရာ အမှားတစ်ခုကို တွေ့ခဲ့ရပါတယ်။

(၂) မိတ်ဆွေ

နာဂစ်ဖြစ်ပြီးတဲ့ အချိန်က ကျွန်တော့် စီးပွားရေး ကသောင်းကနင်းတွေ ဖြစ်သွားပါတယ်။ တက်စီထွက်မောင်းရတဲ့အထိ ဒုက္ခများခဲ့ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်နားမှာ မိတ်ဆွေစစ်တွေ မရှိပါလားဆိုတာ သိလိုက်ရပါတယ်။ နိုင်ငံခြားမှာ ကိုယ်နဲ့ အွန်လိုင်းမှာ ခင်မင်သိကျွမ်းခဲ့တဲ့သူက ကျွန်တော့်ကို ကူညီခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော် ငွေအကုန်ခံ အချိန်အကုန်ခံ ကူညီခဲ့တဲ့သူတွေက ကျွန်တော် အခက်အခဲ ဖြစ်တဲ့အချိန်မှာ မကူညီကြတော့ပါဘူး။ လာတောင်မကြည့်ကြတာ တွေ့ရပါတယ်။ မိတ်ဆွေစစ်နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ တွေ့ခဲ့ရပါတယ်။

(၃) ငွေရေးကြေးရေး

သေချာတာတစ်ခုကတော့ ၂၀၀၈ ခုနှစ်ဟာ ကျွန်တော့် ငွေရေးကြေးရေး သုံးစွဲမှု အစိစစ်ဆုံးနှစ်ဆိုရင် မမှားပါဘူး။ အရင်လို တံခါးမရှိ ဓားမရှိ မသုံးတော့ပဲ သေသေချာချာ စိစစ်ပြီးမှ သုံးတတ်လာပါတယ်။ ငွေရေးကြေးရေး ဆိုင်ရာမှာတော့ အမှားအယွင်းနည်းတဲ့ နှစ်တစ်နှစ်ပါပဲ။

(၄) အလုပ်ချိန်ခွင်လျှာ

ကျွန်တော်အလုပ်လုပ်တဲ့ ပုံစံကတော့ မှားနေတာ အသေအချာပါပဲ။ လုပ်ပြီဆိုရင် တစ်ပတ်လုံး နားချိန် မရှိပဲ လုပ်နေတတ်ပြီး နောက်ဆုံးမှာ ချေကုန်လက်ပန်းကျ သွားတတ်ပါတယ်။ အဲဒီလို ခြေကုန်လက်ပန်းကျပြီဆိုရင် စိတ်ဓာတ်တွေပါ ကျသွားတတ်ပါတယ်။ တစ်နှစ်ပတ်လုံး ကိုယ်လုပ်ချင်တာကို လုပ်ချင်သလို လုပ်နေခဲ့ပါတယ်။ ဒါလည်း အလုပ်ချိန်ခွင်လျှာ အောက်နေတဲ့ အမှားတစ်ခုကို တွေ့ခဲ့ပါတယ်။

(၅) ယှဉ်ပြိုင်နိုင်စွမ်း

ပညာရပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကတော့ အပြည့်ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေး ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းမှာတော့ အားနည်းနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ငွေအလုံးအရင်းနဲ့ လုပ်ပြီး အောင်မြင်မှု ရဖို့ မလွယ်တဲ့ ခေတ်မှာ လိမ်မာပါးနပ်စွာ ဖြည်းဖြည်းချင်း စနစ်တကျ လုပ်သွားတတ်ဖို့ လိုပါတယ်။ ဒီတော့ ယှဉ်ပြိုင်နိုင်စွမ်းမှာ မအောက်သေးဘူးလို့ ပြောလို့ရပါတယ်။

(၆) မိသားစု

ကျွန်တော်တို့ မိသားစုပုံစံလေးကတော့ ၂၀၀၈ မှာ ပိုပြီး ပီပြင်လာခဲ့ပါတယ်။ သမီးလေးကြီးလာတာနဲ့ အတူ ပျော်စရာလည်း တော်တော် ကောင်းလာ ပါတယ်။

အွန်လိုင်းပညာရေး

December 26th, 2008

အောင်ဘုတစ်ယောက် ဒီနေ့ စာကြည့်တိုက်က ဒေါင်းလုတ်ဆွဲလာတာ လေးတွေ ကျွဲကျောင်းရင် လေ့လာဖို့ စိတ်ကူးထားသည်။ ပရင့် ထုတ်ထားသော စာရွက်များ။ စာကြည့်တိုက်ဆို၍ အကြီးကြီးဟု မထင်ပါနှင့်။ ကွန်ပျူတာ နှစ်လုံး ပရင်တာ တစ်လုံးသာရှိသည်။ ဒါပေမယ့် အွန်လိုင်း စာသင်ကြားရေးက အောင်ဘုတို့ ရွာလေးအထိ ခြေဆန့်လာသည်။ သင်္ဘောတစ်တန် ကားတစ်တန်ဖြင့် ရောက်လာသည်မဟုတ် မိုးပေါ်မှာ ခုန်ပြန်ကျော်လွားပြီး ရောက်လာခြင်းဖြစ်သည်။ တိုင်တစ်တိုင်သာ ထောင်ထားတာ တွေ့သည်။ ပြီးတော့ ကွန်ပျူတာနှင့် ချိတ်ထားသည်။ ဒီလိုနဲ့ အောင်ဘုလို ဆယ်တန်းအောင်ထားပြီး ကျောင်းဆက်မတက် ဖြစ်သူအတွက် မဟာ အခွင့်အရေးကြီး ဖြစ်လာခဲ့သည်။ အောင်ဘု လေ့လာချင်သည်က ကွန်ပျူတာ ပရိုဂရမ်းမင်း၊ ခု အောင်ဘု ဗွီဘီဒေါ့နက် သင်ခန်းစာတွေ ဒေါင်းလာခြင်း ဖြစ်သည်။ အော် ပြောဖို့မေ့နေသည်။ အောင်ဘုဒေါင်းလာသည့် ဝက်ဆိုက်လိပ်စာက မစ်စရီဇီလီရမ် အွန်လိုင်း သင်ကြားရေးဆီက။ ဘိုလိုပြောရရင်တော့ Mysteryzillion Online Education ကပေါ့ဗျာ။

» More: အွန်လိုင်းပညာရေး

သမီးလေးနဲ့ စကားစမြည်

December 24th, 2008

သမီးလေးနဲ့ စကားပြောဖြစ်တယ်။ သမီးလေးက ခု အသက်သုံးနှစ်နဲ့ သုံးလ။ ကဲပြောပြီဗျာ ….

ကျွန်တော် – ဖေဖေကြီး မေးဦးမယ်။ သမီးလေး သူ့နာမည်က ဟိန်းထက်ခိုင်ကို မောင်မောင်လို့ ဘာဖြစ်လို့ခေါ်တာလဲ။

ရွှန်းရွှန်း – သူက ပါးဖောင်းဖောင်းကြီးလေ မီးမီးက ချစ်လို့ … မောင်မောင်လို့ ခေါ်တာ။

ကျွန်တော် – ခု မောင်မောင်နဲ့ ခေါ်သေးလား။

ရွှန်းရွှန်း – ခေါ်တော့ဘူး။ သူက မီးမီးကို လုပ်တယ်။

ကျွန်တော် – ဘယ်လိုလုပ်တာလဲ။

ရွှန်းရွှန်း – မီးမီးကို တွန်းတယ်လေ၊ သူက

ကျွန်တော် – အော် ဒါဆို ခု မီးမီးက ဘယ်သူနဲ့ ခေါ်နေတာလဲ။

ရွှန်းရွှန်း – မင်းသူခန့်နဲ့လေ၊ သူက မျက်လုံးဝိုင်းဝိုင်းလေး၊ မီးမီးက ချစ်လို့ ….

ကျွန်တော် – မီးမီးတို့ ချစ်သွားတာ ဘယ်လောက်ရှိပြီလဲ။

ရွှန်းရွှန်း – နှစ်ရက်လောက်ရှိပြီလေ။

ကျွန်တော် – ဘာဖြစ်လို့ ချစ်တာလဲ။

ရွှန်းရွှန်း – ချစ်လို့ ချစ်တာပေါ့။

ကျွန်တော် – အကြောင်းပြချက်မရှိဘူးပေါ့။

ရွှန်းရွှန်း – အချစ်မှာ အကြောင်းပြချက်များမရှိဘူး ဟုတ်တယ်၊ ဒါဆိုမင်းပျော်နိုင်မလား၊ အချစ်လေး ….

ရွှန်းရွှန်းက အဲဒီလို ထူးအိမ်သင် သီချင်းကို ထဆိုလိုက်တော့ ကျွန်တော်လည်း ပါးစပ်ဟောင်းလောင်း ဖြစ်ကျန်ခဲ့ပါရောဗျာ ….

အိုဘားမား၊ နံပြားနဲ့ လက်ဖက်ရည် ချိုကျ

December 14th, 2008

ဒီနေ့ ကိုအောင် လက်ဖက်ရည်ဆိုင် အစောကြီး ထွက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင် ရောက်တော့ ဘယ်နေရာ ​ထိုင်ရင်ကောင်းမလဲ လိုက်ကြည့်သည်။ သူ့ကိုတွေ့တော့ လက်ဖက်ရည်ဆိုင် ထိုင်နေသူများ အချင်းချင်း လက်တို့ကုန်ကြသည်။ သူလာထိုင်မည်ကို မည်သူမျှ လိုလားဟန်မပြ။ သူကလည်း လိုတာမလိုတာ မသိ။ အဆင်ပြေသည့်နေရာ ဝင်ထိုင်ဖို့က အသင့်။ သူ့ကို ခေါ်ချင်သည့် ဝိုင်းရှိအောင် လုပ်ဖို့က ကိုအောင်အတွက် အပျော့။ သူ့အိပ်ကပ်ထဲမှာ အစိမ်း ငါးရွက်လောက်ရှိသည်။ အစိမ်းဆိုလို့ အထင်တော့ မကြီးလိုက်နဲ့ဦး။ ခြင်္သေ့စိမ်းဖြစ်သည်။ တစ်ထောင်တန် အစိမ်းသုံးရွက်။ အမေဆီက ဘတ်လာခြင်း ဖြစ်သည်။

“ငါ ဒီနေ့ တကာခံမယ်။ ငါ့ဘယ်ဝိုင်းမှာ ထိုင်ရမလဲ။”

အဲဒီလို ငါးစာလေးချလိုက်တော့ ငါမျှားချိတ်ကို အသာထား၊ ဟတ်မယ့် ငါးတွေက အုပ်လိုက်တက်လာသလို ဟိုဝိုင်းကလည်း ကိုအောင်လာပါ။ ဒီဝိုင်းကလည်း ကိုအောင်ထိုင်ပါ ဖြစ်ကုန်သည်။ ဒီတော့ ကိုအောင် လက်ဖက်ရည်ဝိုင်းတွေ အကုန် လိုက်ကြည့်သည်။ များလိုက်သည့် ဖြစ်ချင်း လူငယ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ တစ်ပုံကြီး။ ကိုအောင်လို လူမျိုးအတွက်ကတော့ တကယ့် အခွင့်အရေး။ မဟာ အခွင့်အရေး။ အိမ်မှာနေရင် အမေ့အဆူအငေါက်ကို အမြဲခံနေရသည်။

» More: အိုဘားမား၊ နံပြားနဲ့ လက်ဖက်ရည် ချိုကျ