Archive for January, 2009

ပုံနှိပ်စာလုံးလေးတွေနဲ့ မြင်လိုက်ရတဲ့ အခါ …

January 31st, 2009

Popular News အတွဲ(၁)၊ အမှတ်(၁) ကျွန်တော် ဘာသာပြန်ထားတဲ့ “အင်တာနက်နှင့် ဘာသာစကားများစွာ” ဆိုတဲ့ဆောင်းပါးလေး ပါလာပါတယ်။ ပုံနှိပ်စာလုံးလေးတွေနဲ့ ကိုယ်ရေးထားတာတွေကို မြင်လိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးပဲ။ အရင်တုန်းက ကျွန်တော် စာမူတွေကို ပို့ဖူးပါတယ်။ ကတ်ကြေးစာမိပြီး မပါလာတာ နှစ်စောင်တောင် ရှိကတည်းက စိတ်ဓာတ်ကျပြီး မရေးတော့တာ တော်တော်ကြာပါပြီ။ ဒီတစ်ခါတော့ ပေါ်ပျူလာနယူးဂျာနယ်ရဲ့ အယ်ဒီတာကြီး ကျေးဇူးကြောင့် ပုံနှိပ်စာလုံးနဲ့ မြင်ခွင့်ရပါပြီ။

ဂျာနယ်ကလည်း အသစ်မို့လားမသိဘူး။ လက်ပွေ့သမားဆီမှာ ပါမလာဘူးလေ။ ဒီလိုနဲ့ ဂျာနယ်တွေ အများကြီး ရောင်းတတ်တဲ့ လက်ဖက်ရည်ဆိုင်အထိ ကားနဲ့ သွားဝယ်လာရပါတယ်။ ဟိုမှာလည်း တစ်စောင်တည်း ယူလာပါတယ်။ (ဝယ်မယ့်သူကလည်း ကျွန်တော် တစ်ယောက်တည်း ထင်တယ်။) ဆိုင်ရှင်မိန်းမကြီးက ဝမ်းသာအားရရောင်း ကျွန်တော်ကလည်း ဝမ်းသာအားရ ဝယ်လာပါတယ်။

ဂျာနယ်ကို ကြည့်လိုက်တော့ အခြား သတင်းဂျာနယ်တွေလိုပဲ ဆိုက်က။ ခုချိန်မှာ စိတ်ဝင်စားနိုင်မယ့် အိုဘားမား၊ နံပြားနဲ့ လက်ဖက်ရည်ချိုကျ၊ (အဲလေ) အိုဘားမာ၊ ရီဆက်ရှင်းတွေပဲ ဖြစ်ရမယ်လို့ တွေလိုက်မိပါတယ်။ ဒါပေမယ့် အထဲမှာတော့ ဆောင်းပါးရှည်ကြီးတွေ ပါလာတာတွေ့ရပါတယ်။ အဲဒီလို ဆောင်းပါးရှည်ကြီးတွေကတော့ ကျွန်တော့်အကြိုက်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံး ဆောင်းပါးဖြစ်တဲ့ ဆရာမောင်ဝံသ ဆောင်းပါးကို အနီရောင် အောက်ခံကြီးနဲ့ လုပ်ထားတာ တစ်ခုတော့ နည်းနည်း ကသိကအောင့် ဖြစ်သွားမိပါတယ်။ အွန်လိုင်းမှာ နည်းနည်းပွသွားတဲ့ အိုင်ကို စက်ရုပ် ထွင်တဲ့သူကို တခုတ်တရ အင်တာဗျူးပြီး တင်နိုင်တဲ့ စွမ်းရည်ကိုတော့ တကယ် ချီးကျူးတယ်ဗျာ။ အနှစ်သာရနဲ့ Pop ကို မျှအောင် သွားမယ်လို့ ယူဆလိုက်ရပါတယ်။ လုပ်ချင်တာတွေ ရှိနေသေးတဲ့ ပုံစံဖြစ်တယ်လို့လည်း ခံမှန်းလို့ရပါတယ်။

ကျွန်တော်ရေးထားတဲ့ စာကို သုံကြိမ်လောက် ဖတ်ကြည့်ဖြစ်တယ်။ တစ်စက်ကလေးမှ စိတ်တိုင်းမကျဘူး။ ဘာသာပြန်ဖြစ်တော့ နဂိုမူရင်းစာက အနှစ်သာရတွေ လွမ်းမိုးမှုဒဏ်တွေ အတော်ခံလိုက်ရတယ်။ ဖတ်ရတာ မချောဘူး။ ပြင်ရမှာလေးတွေ အများကြီး တွေလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ခုလို ဖော်ပြပေးတဲ့ အယ်ဒီတာကြီးကို ကျေးဇူးတင်ပါကြောင်း ခင်ဗျ။

ကျွန်တော်နှင့် ပတ်ဝန်းကျင် (၁)

January 22nd, 2009

ကျွန်တော်က အမြဲတမ်းပတ်ဝန်းကျင်ကို လေ့လာနေတတ်တယ်လေ။ ခုလည်း ပတ်ဝန်းကျင်မှာတွေ့တာ လေးတွေလေးတွေ ရေးဦးမယ်ဗျာ။ ကျွန်တော့် ပတ်ဝန်းကျင်မှာ မိသားစုက ခြောက်စုလောက်ရှိတယ်။ အားလုံးက သာမာန် လူတန်းစားတွေပါပဲ။ ကျွန်တော်ပြောချင်တာက သူတို့ သားသမီးတွေပါ။ သားသမီးတွေရဲ့ ကိုယ်ကျင့်တရားက မိဘတွေ အပေါ်မှာ ဘယ်လောက် တည်တယ်ဆိုတာ သုံးသပ်ကြည့်မိတဲ့အတွက် ရေးဖြစ်တယ်ဆိုပါတော့ဗျာ။

အဲ … ဟိုတစ်နေ့က ကျွန်တော်ပြောတဲ့ မိသားစုတွေထဲက တစ်စုပေါ့ဗျာ။ ကလေးက အလွန်ဆုံးရှိမှ (၆) နှစ်ပေါ့။ ကောင်မလေးဗျ သူက သူများအိမ်က ငါးထောင် တိုလာတယ်ဗျ။ အဲဒါကို သူ့အမေကိုပေးတယ်။ ကျွန်တော့်ကိုတော့ မတွေ့ကြဘူးပေါ့ဗျာ။ အဲဒီလိုပေးတာကို သူ့အမေက ပြုံးပြုံးရွှင်ရွှင်နဲ့ သမီး မုန့်စားဆိုပြီး ၁၀၀၀ ပြန်ပေးတယ်ဗျ။ ကျွန်တော်ထင်ထားတာတော့ ဒီကလေးတော့ အရိုက်ခံရတော့မှာပဲ လို့တွက်ထားတာ။ မရိုက်တဲ့အပြင် ပြုံးလို့ ပျော်လို့ဗျ။ ကျွန်တော် တော်တော် အံ့သြသွားတယ်ဗျ။ အဲဒီကလေးကို အိမ်ထဲ မဝင်ခိုင်းတော့ဘူး။ ဝင်ရင် အိမ်က ပစ္စည်းတွေ မ တော့မှာ သေချာတယ်လေ။

နောက်ထပ် မိသားစုတစ်စု ရှိသေးတယ်။ အဲဒီမိသားစုကျတော့ တစ်မျိုး။ ငိုစား၊ တိုစား အကုန်လုပ်တယ်ဗျ။ သူတို့မှာ ထမင်းစားစရာမရှိပါဘူး ဆိုပြီး ငိုပြတတ်သလို သူ့သားသမီးတွေကိုလည်း တိုခိုင်းတတ်တယ်ဗျ။ ကလေးအကြီးဆုံး လူပျိုပေါက် အရွယ်က ခိုးတယ်။ မိဘတွေတော့ ပြန်မပေးဘူး။ သူ့ဘာသာသုံးတယ်။ အငယ်လေးတွေကျတော့ ပြန်ပေးတယ်ဗျ။ အဲဒီကလေးတွေကို ကြည့်လိုက်တော့ တစ်ယောက်က အဲဒီလို လုပ်တာကို မိဘကို ကူညီတာဆိုပြီး အဓိပ္ပါယ်ပေါက် နားလည်နေတယ်ဗျ။

အဲဒီ မိသားစု နှစ်စုက ကလေးတွေကို ကျွန်တော် ကြည့်ရင်း တော်တော် စိတ်မကောင်းဖြစ်မိတယ်ဗျ။ ကျွန်တော် ငယ်ငယ်တုန်းက သူများအိမ်က အရုပ် လေးတစ်ရုပ်ကို လိုချင်လွန်းလို့ မပြောပဲ ယူလာမိတယ်။ အဲဒါကို အမေက သိသွားတော့ ရိုက်လည်းရိုက်တယ် ပြီး အမေကိုယ်တိုင်ခေါ်သွားပြီး သွားတောင်းပန် ခိုင်းတယ်။ ကျွန်တော့်အရွယ် သူငယ်ချင်းတွေ ရှိတဲ့နေရာမှာ အဲဒီလို သွားတောင်းပန်ခိုင်းတော့ ကျွန်တော် ရှက်လိုက်တာ မပြောပါနဲ့။ နောက်ကို ဘယ်တော့မှ မလုပ်တော့ဘူးလို့ စိတ်ဆုံးဖြတ်လိုက်တယ်လေ။ တော်တော်လည်း ရှက်သွားတာကိုးဗျ။ အဲဒီစိတ်ဓာတ်လေးက ကြီးတဲ့အထိ ပါသွားတယ်။ အဲဒီလို မှန်ကန်စွာ ဆုံးမလမ်းပြပေးတဲ့ အမေကို ကျေးဇူးတင်မဆုံးဘူးပေါ့ဗျာ။

ခုကလေးတွေကတော့ သူတို့ဘဝမှာ ဘာတွေဖြစ်လာနိုင်မလဲ။ အကျိုးဆက်တွေ တစ်ခုမှ မကောင်းတာ သိကြပါလိမ့်မယ်။ ခက်တော့လည်း ခက်တယ်ဗျ။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ မိဘတွေ ကိုယ်တိုင်က မှားနေတာကို ဘယ်လို သွားပြင်မလဲ။ ဒီတော့ အဲဒီကလေးတွေကို အိမ်ကိုမဝင်ခိုင်းတာ သတိထားနေရတာကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲဗျာ …

မောင်ပီဇီနဲ့ မောင်ဒီဘီ ဆွေးနွေးခန်း (၁)

January 5th, 2009

discussionမောင်ပီဇီ – ကိုဒီဘီနဲ့ ကျွန်တော်လည်း အငြိမ့်တွေ ကပြီးကတည်းက မတွေ့တော့ တာကြာပေါ့ဗျာ။ ခု နည်းပညာဆွေးနွေးခန်းကျ မှပဲ ပြန်တွေ့ရတော့ တယ်ဗျို့ …

မောင်ဒီဘီ – ဟုတ်ပါ့ဗျာ .. မနှေးအမှန်ပ အပြေးအမြန် စလို့ရယ် … သူတကာအမြင် လူရာဝင်စေဖို့ ရွာစားကျော် စိန်စေတန်ရေ … နည်းပညာ ဆွေးနွေးခန်းကို ဖွင့် ….

မောင်ပီဇီ – အာဗျာ၊ ကိုဒီဘီကလည်း ဆွေးနွေးခန်းပါဆိုဗျာ .. ဘယ်နှယ် အငြိမ့်က နေရပြန်တာ တုန်းဗျ။

မောင်ဒီဘီ – အကျင့်ပါသွားလို့ပါဗျာ။ ဒီတစ်ပတ်မှာ ဘာတွေဆွေးနွေးဖို့ ရှိလဲဗျ။

မောင်ပီဇီ – နှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဒီတစ်ပတ်အတွက် ဆွေးနွေးမယ့် အကြောင်းအရာလေးတွေ မိတ်ဆက်ပေး လိုက်ရအောင်ဗျာ။ ဒီတစ်ပတ် ဆွေးနွေးမယ့် အကြောင်းအရာ တွေကတော့ (၁) Windows ရဲ့ Vista နောက်မှာ ထွက်လာမယ့် Windows 7 (၂) ဒိတ်အောက်နေတဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတွေကို ဆက်သုံးနေတဲ့အတွက် ဖြစ်ပေါ်လာနေတဲ့ အကျိုးဆက်တွေအကြောင်း (၃) နှစ်သစ်မှာ နှစ်ဟောင်းက အချက်အလက်တွေကို Backup လုပ်ချင်သူတွေအတွက် Backup နည်းပညာတွေ အကြောင်းပါခင်ဗျ။

မောင်ဒီဘီ – ဟုတ်ကဲ့ခင်ဗျာ။ Windows 7 ဆိုတာကတော့ Winodws Vista နောက်မှာ Microsoft က ထပ်ထုတ်မယ့် OS မဟုတ်လားဗျ။ Windows Vista ထုတ်တာဖြင့် ဘယ်လောက်မှ မကြာသေးဘူး ဘာဖြစ်လို့ Windows 7 ကို ထပ်ထုတ်ရပြန်တာလဲဗျ။ Windows XP နဲ့ Vista ဆိုရင် အချိန်ကာလ တော်တော်လေး ခြားပြီးမှ ထွက်လာပေမယ့် Windows 7 ကျတော့ Vista နဲ့ မကပ်လွန်းဘူးလားဗျာ။

မောင်ပီဇီ – အေးဗျ။ သူတို့ဆီမှာတော့ ခုချိန်မှာ “ဂျော့(ရှ်)ဘုနဲ့ ဗစ်စတာကတော့ Lame Duck တွေပဲ” လို့ ပြောနေကြတာပဲဗျ။ တကယ်တော့ Vista ဆိုတာ Aero ဆိုတဲ့ အပိုင်းနဲ့ Desktop Search အပိုင်းမှာပဲ ထူးထူးခြားခြား ဖြစ်လာပြီး ကျန်တာဘာမှ မထူးဘူးလို့ လူပြိုန်းတွေးတွေး နေမိတာ ကြာပြီဗျ။ ခုထက်ထိ သူတို့ နိုင်ငံမှာတောင် XP ကို ဆက်သုံးပြီး Windows 7 ကို စောင့်မယ်ဆိုပဲဗျ။

မောင်ဒီဘီ – MZ မှာတော့ ကိုရေခဲမီးက Windows 7 Beta ကို စမ်းသပ်ပြီး တွေ့ရှိချက်တွေ ရေးသွားတာ ဖတ်လိုက်ရတယ်ဗျာ။ ပညာရှင်ဆန်ဆန် သုံးသပ်ပြသွားတာ ဖတ်လိုက်ရပါတယ်ဗျာ။ Windows 7 သုံးမယ်ဆိုပြီး ဟန်ပြင်နေတဲ့သူတွေ ဖတ်သင့်ပါကြောင်း ခင်ဗျ။

မောင်ပီဇီ – ကိုရေခဲမီး ဆွေးနွေးသွားတာနဲ့ တင်တော်တော် ပြည့်စုံနေပြီဗျ။ ကျွန်တော်ကတော့ Windows 7 နဲ့ ပတ်သက်ပြီး Windows Secrets က ဘိုးတော်ကြီး Brian Livingston ပြောတာလေးတွေ ပြန်ပြီး တင်ပြချင်ပါတယ်ဗျာ။

မောင်ဒီဘီ – ဟုတ်ကဲ့ခင်ဗျာ … ဒီဘိုးတော်ကြီးက Windows ကောင်းကြောင်းတွေ ပေါက်ပေါက်ရှာရှာ ပြောနေတဲ့ ဘဲကြီးမဟုတ်လားဗျ။

မောင်ပီဇီ – သူ့ဆန်စားတော့ ရဲရပေမပေါ့ဗျာ။ ဒီလိုဗျ Windows ဆိုတာ Vista နဲ့ အများကြီး တူပါသတဲ့ဗျာ၊ Security အပိုင်းအနေနဲ့လည်း အဆင့်လေးဆင့် ခွဲထားပါတယ်တဲ့။ ဒီလိုခွဲထားခြင်း အားဖြင့် အရင်လို ဖွင့်မလား၊ မဖွင့်ဘူးလား မေးတဲ့အတွက် စိတ်ညစ်စရာတွေ မပါတော့ဘူးလို့ ဆိုတယ်ဗျ။ နောက်တစ်ချက်က အခု Windows 7 က Apple ရဲ့ OS ရဲ့ Dock တွေနဲ့ တူနေရတာလဲလို့ မေးတော့ ဘဲကြီး အဖြေက သင်းသဗျ။ အရင်ကတည်းက Windows ဆိုတာ Apple ကို တုပြီး လိုက်လုပ်လာတာပါတဲ့။ ဒီတော့ Windows 7 မှာ Apple ရဲ့ Features တွေ ပါနေတာ မဆန်းဘူးတဲ့။ နောက်ပြီး Apple ရဲ့ Touch နည်းပညာတွေလည်း ပါဦးမယ်ဆိုပဲဗျ။

မောင်ဒီဘီ – တော်တော်လူလည်ကျတဲ့ Windows ပဲနော်ဗျ။

မောင်ပီဇီ – အရင်လိုတော့ အသာရတော့မယ် မထင်ဘူးဗျ။ ခု Mobile ဈေးကွက်မှာပဲ ကြည့်ကြည့်၊ Browser မှာပဲကြည့်ကြည့် Windowsက နောက်ကောက် ကျနေပြီကောဗျ။ ကဲဗျာ အဲဒါလေးတွေ ပြီးတော့ ဒိတ်အောက်နေတဲ့ Security နည်းပညာတွေကို ဆက်သုံးနေတဲ့ Web Page တွေကို သတိပေးထားတဲ့ သတိပေးချက်ကို ဆက်ဆွေးနွေးကြရအောင်ဗျာ။

မောင်ဒီဘီ – အရင်တစ်ခါက MZ မှာ Joomla အရင် ဗားရှင်းကို သုံးနေသူတွေအတွက် Administrator Password ခိုးသွားနိုင်တဲ့ လုံခြုံရေးချို့ယွင်းချက် အကြောင်းကို ကိုတွိတီက သတိပေးသွားတာ ဖတ်လိုက်ရတယ်ဗျ။ ဒီလို Ready-made Script တွေ သုံးနေသူတွေအတွက် Security ပိုင်းမှာ မျက်ခြေ မပြတ်စေဖို့၊ အမြဲ Update လုပ်နေဖို့ လိုအပ်ကြောင်း မှတ်သားလိုက် ရပါတယ်ဗျာ။

မောင်ပီဇီ – ဒီလိုဗျ။ ကျွန်တော်တို့ Secure Web Site တွေကို ဝင်တဲ့အခါမှာ Browser ရဲ့ ဒေါင့်နားလေးမှာ သော့ပုံလေး ပေါ်လာတာ သတိထားမိတယ်မလား။ အဲဒါ လုံခြုံတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်ဗျ။ တရားဝင်ဖြစ်တယ်။ ယုံကြည် စိတ်ချရတဲ့ Third-Party တစ်ခုက အသိအမှတ်ပြု (Certified) ဖြစ်ကြောင်း Certificate ပေးထားလို့ ပေါ်လာတယ်လို့ အဓိပ္ပါယ်ရတယ်ဗျ။

မောင်ဒီဘီ – ဟုတ်တယ်လေဗျာ၊ အွန်လိုင်းမှာ ဈေးဝယ်တော့မယ်ဆိုရင် အဲဒါလေး ပေါ်လားမပေါ်လား စစ်ဖို့လိုတယ်ဆိုတာတော့ ကျွန်တော်သိတယ်ဗျ။

မောင်ပီဇီ – အဲဒီလို Certificate တွေကို သုတေသနသမားတွေက အတုလုပ်လို့ရကြောင်း ထုတ်ပြန် ကြော်ငြာတာပဲဗျ။ အဓိကကတော့ MD5 လို့ ခေါ်တဲ့ နည်းပညာကြောင့်လို့ ဆိုတယ်ဗျ။ MD5 ဆိုတာကတော့ သင်္ချာနည်းနဲ့ တွက်ချက်ပြီး စကားဝှက်လုပ်ပြီး တစ်ဖက်က ပြန်ဖော်တဲ့နည်း ဆိုပါတော့ဗျာ အဲဒီမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ တရုပ်က ပညာရှင်တွေ ရှာတွေ့ခဲ့တာ ၂၀၀၄ ခုနှစ်ကတည်းက ဆိုပါတော့။ ဒါပေမယ့် အဲဒီအချိန်တုန်းက faked certificate တစ်ခုလုပ်ဖို့ ဆိုရင် တွက်ချက်မှုတွေ အများကြီးလုပ်မှ ရနိုင်တယ်ဗျ။ ခုတော့ အဲဒီလို faked certificate တစ်ခုလုပ်ဖို့ သုံးရက်လောက်ပဲ အချိန်ယူရတော့တယ်တဲ့ဗျ။ ခုထက်ထိ အွန်လိုင်းရောင်းဝယ် ဖောက်ကားသူတွေက အဲဒီ MD5 စနစ်ကို အကြီးအကျယ် သုံးနေကြတုန်းပဲတဲ့ဗျ။ အဲဒီလို အသုံးပြုနေတဲ့ Web Site တွေကို faked certificate တွေနဲ့ တိုက်ခိုက်လာနိုင်ကြောင်း ဖတ်လိုက်ရပါသဗျာ။

မောင်ဒီဘီ – အေးဗျာ။ ကျွန်တော်တို့ နိုင်ငံမှာ အွန်လိုင်း ဈေးဝယ်တာတွေ မရှိသေးပေမယ့် ဒါမျိုး အတွေ့အကြုံတွေကိုတော့ မှတ်ထားရမယ်ဗျ။ လောလောဆယ်တော့ ပြည်တွင်း Web Site တွေမှာ Joomla လို Wordpress လို Ready-made Script တွေ သုံးလာတဲ့ အတွက် Security ပိုင်းကို မျက်ခြေမပြတ်ဖို့ တိုက်တွန်းလိုက်ရပါသဗျာ။ သူများနိုင်ငံတွေမှာလို့ Credit Card ထဲက ငွေတွေ ထုတ်မသွားနိုင်ပေမယ့် Site Admin တွေကိုတော့ ကောင်းကောင်း ဒုက္ခပေးသွား နိုင်တယ်နော်ဗျ။

မောင်ပီဇီ – နောက်ဆုံး ဆွေးနွေးမယ့် အပိုင်းကတော့ Backup System အပိုင်းပေါ့ဗျာ။ ကျွန်တော်တို့ တွေ ခုလို Harddisk တွေ အပျက်များတဲ့ အချိန်မှာ ကိုယ့် အချက်အလက်တွေ မဆုံးရှုံးရအောင် Backup လုပ်ထားဖို့ လိုတယ်ဆိုတာ လူတိုင်းသိနေပါတယ်။

မောင်ဒီဘီ – ဟုတ်တယ်ဗျ။ ကျွန်တော်မှာလည်း အဲဒီလို HDD တွေ ပျက်တဲ့ အတွက် ဒုက္ခ ရောက်ပေါင်း မနည်းတော့ဘူးလေဗျာ။

မောင်ပီဇီ – ဒီလိုဗျ Backup လုပ်တဲ့နေရာမှာ File-based နဲ့ Image-based ဆိုတဲ့ အပိုင်းနှစ်ပိုင်း အကြောင်းကို ဆွေးနွေးချင်တယ်ဗျ။ File-based ဆိုတာကတော့ ရှင်းပါတယ်ဗျာ။ ကိုယ်ရေးထားတဲ့ စာတွေ၊ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Backup ထားချင်တယ်ဆိုရင် CD မှာဖြစ်ဖြစ်၊ DVD မှာ ဖြစ်ဖြစ်၊ External HDD မှာဖြစ်ဖြစ်၊ Memory Stick မှာ ဖြစ်ဖြစ် ဖိုင်တွေကို သိမ်းထား လိုက်တာပေါ့ဗျာ။ အဲဒီအတွက်လည်း OS တွေက အထောက်အပံ့ပေးပြီးသားပါ။ အောက်မှာ ကျွန်တော်လင့်တွေ ပေးထားပါမယ် သွားဖတ်ကြည့်နိုင်ပါတယ်။ သူကတော့ အချိန်အားဖြင့် သက်သာတယ်ဗျ။

မောင်ဒီဘီ – အဲဒီလို OS က အထောက်အပံ့ ပေးထားတယ်ဆိုတာ ခုမှ သိတယ်ဗျ။ ကျွန်တော်ကတော့ ဒီအတိုင်း ကူးထားလိုက်တာပါပဲဗျာ။

မောင်ပီဇီ – နောက်ထပ် Backup စနစ်တစ်ခုကတော့ Image Backup လို့ ခေါ်တယ်ဗျ။ သူကတော့ System တစ်ခုလုံးကို Image လုပ်ပြီး သိမ်းထားတယ်ဗျ။ ပြောရရင်ဗျာ OS ရော Program တွေကော အကုန်ပေါ့ဗျာ။ အကောင်းဆုံး အခြေအနေ တစ်ခုကို သိမ်းထာတယ်။ တစ်ခုခု ဖြစ်လို့ System ဒေါင်းသွားတဲ့အခါမှာ အလွယ်တကူ ပြန်တင်နိုင်အောင်၊ နဂိုအခြေအနေအတိုင်း ပြန်ရောက်အောင် လုပ်ပေးနိုင်တယ်ဗျ။ အဲဒီလို လုပ်ပေးနိုင်တဲ့ Software တွေ အများကြီးရှိတယ်ဗျ။ ဘိုးအေကြီးကတော့ Norton Ghost ဆိုတာဗျ။ နောက်တစ်ခုက Acronis True Image Home 2009 ဆိုတာနဲ့ SuperDuper ဆိုတာ ကိုတော့ NYTimes က ညွှန်းထားသဗျ။ အဲဒီလို Backup လုပ်တဲ့နေရာမှာ Online ကနေလည်း ဝန်ဆောင်မှု ပေးထားတဲ့ဆိုက်တွေ ရှိတယ်ဗျ။ ဒီလို Image Backup လုပ်တာက အချိန်တော့ တော်တော် စားတယ်ဆိုပဲဗျ။ ကဲ ဒီတစ်ပတ် ဆွေးနွေးခန်းကတော့ ဒီလောက်ပါပဲဗျာ။ အားလုံးကိုယ် စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေဗျာ။

မောင်ဒီဘီ – ကျွန်တော်ကလဲ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ်ဗျာ။

www.microsoft.com/protect/yourself/data/backup.mspx

မှီငြမ်း – MYSTERY ZILLION မှာ ဆွေးနွေးချက်များ၊ NYTIMES TechTalk PodCast

ဘာသာစကားမျိုးစုံနှင့် အင်တာနက်ကို ရေးသားခြင်းနှင့် အနာဂတ် (၂)

January 1st, 2009

အိန္ဒိယဂူးဂယ်ရဲ့ ဒေါက်တာပရာဆပ်ရမ်က သူတို့ကုမ္ပဏီရဲ့ ပြည်တွင်း ဘာသာစကား ဆိုင်ရာ ဝန်ဆောင်မှုတွေကနေ အကျိုးအမြတ် ကြီးကြီးမားမား မရနိုင်သေးဘူးလို့ ပြောပါတယ်။

“ဒါပေမယ့် အဲဒီလို ရင်းနှီးမြှတ်နှံမှုတွေကနေ အကျိုးရလဒ်ကောင်းတွေ၊ အိန္ဒိယရဲ့ ကြော်ငြာဈေးကွက်ကို ဖန်တီးနိုင်တဲ့ အလားအလာတွေ ရှိတယ်”လို့ ဒယ်ပါမာက ပြောပါတယ်။

အိန္ဒိယရဲ့ အွန်လိုင်းဈေးကွက်ကို ချိတ်ဆက်နိုင်ဖို့ အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေပါပြီ။ အနောက်တိုင်း ရုပ်သံအစီအစဉ် ထုတ်လုပ်သူတွေ ကုန်ပစ္စည်း ထုတ်လုပ်သူတွေမှာ သင်ခန်းစာ ကောင်းကောင်းတွေ ရှိပြီးသားပါလို့ ဈေးကွက် အတိုင်ပင်ခံလည်းဖြစ် “အိန္ဒိယ ဈေးကွက်တွက် ယှဉ်ပြိုင်အနိုင်ရနိုင်ရေး (အိန္ဒိယစားသုံးသူတွေရဲ့ ပြောင်းလဲ တိုးတက်မှု ဖြစ်စဉ်ကို နားလည်နိုင်ရေး)” ဆိုတဲ့ စာအုပ်ကို ရေးသားသူလည်းဖြစ်တဲ့ ရာမဘီဂျာပူကာ က ဆိုပါတယ်။

“ဘီလီယံနဲ့ ချီနေတဲ့ လူတွေဆီရောက်ချင်တယ်၊ ဒါမှာမဟုတ် တစ်ဝက်လောက် အထိ အုပ်မိချင်တယ် ဆိုရင်၊ သူတိုနဲ့ တစ်သားတည်း ဖြစ်ချင်တယ်ဆိုရင် ဘာသာစကားပေါင်းစုံ သုံးမှရမယ်ဆိုတဲ့ အချက်ကို သင်ရှောင်လွဲမရနိုင်ပါဘူး” သူမက ဆက်ပြောပါတယ်။

ယနေ့ခေတ် သန်း ၅၀ လောက်ရှိတဲ့ ဧရာမ အင်္ဂလိပ်စကား ပြောနိုင်တဲ့ အင်တာနက် အသုံးပြုသူတွေ ရှိတာတောင် အဲဒီအထဲက သုံးပုံတစ်ပုံလောက်က သူတို့မိခင်ဘာသာ စကားလေးနဲ့ ဖတ်ရတာကို ပိုပြီး ကြိုက်ကြကြောင်း အိန္ဒိယဈေးကွက် သုတေသန ကုမ္ပဏီဖြစ်တဲ့ JuxtConsult ရဲ့ စစ်တမ်း ကောက်ယူမှုများ အရသိရပါတယ်။ တော်တော်များများ ကတော့ သူတို့ဖြစ်စေချင်တဲ့ အတိုင်း မဖြစ်သေးဘူး၊ သူတို့ရှာချင်တာတွေ မိခင်ဘာသာစကားနဲ့ ရှာလို့ မရသေးဘူးလို့ ပြောပါတယ်တဲ့။ ဒါတောင် “ဒေသသုံး ဘာသာစကားတွေနဲ့ ရေးထားတဲ့ စားမျက်နှာတွေကို သိမ်းဆည်း ထားတဲ့ ပမာဏကတော့ အများကြီး ရှိနေပါတယ်” လို့ JuxtConsult က အကြီးအကဲ ဖြစ်သူ ဆန်ဂျေးတီဝါရီ က ပြောပါတယ်။

ဗာရှာစီမံကိန်း (Project Bhasha) ဆိုတာ အိန္ဒိယက ပညာတတ်တွေ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ၊ တစ်ကိုယ်တော် ဆော့(ဖ်)ဝဲ ရေးသားသူတွေနဲ့ ပူးပေါင်းပြီး ကွန်ပျူတာကို ဒေသသုံး ဘာသာစကားတွေနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်နေတဲ့ မိုက်ကရိုဆော့(ဖ်)(Microsoft) ရဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီက အိန္ဒိယအစိုးရ လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေရဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေမှာ ဒေသသုံးဘာသာစကား အသုံးပြုမှုလိုအပ်ချက် ကြီးထွားလာတာကို အကွက်မြင်ထားပါတယ်။

“အဲဒီလို ကုမ္ပဏီတွေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသတွေ၊ တိုးတက်မှုနှေးကွေး နေသေးတဲ့ မြို့တွေ၊ မြို့ငယ်လေးတွေအထိ သူတို့ ဝန်ဆောင်မှုတွေ ဖြန်နိုင်သလောက် ဖြန့်ကျက်ချင်တယ်ဆိုရင် စားသုံးသူတွေနဲ့ တိုက်ရိုက် ထိတွေ့ချင်တယ်ဆိုရင် ဆက်သွယ်ရေး အတွက် ဒေသသုံး ဘာသာစကားကို မသုံးမဖြစ် သုံးဖို့ လိုလာပါပြီ” မိုက်ကရိုဆော့(ဖ်) ရဲ့ ပရိုဂရမ်မန်နေဂျာ တစ်ဦးဖြစ်သူ ပရာဒိ ပရာပေး က ပြောပါတယ်။

အဆိုပါ စီမံကိန်းရဲ့ ဝက်(ဘ်)ဆိုက်ဖြစ်တဲ့ BhashaIndia.com က အသုံးပြုသူများ ကိုယ်တိုင် ပြင်ဆင် တည်းဖြတ်နိုင်ဖို့ စီစဉ်ပေးထားသလို နည်းပညာဆိုင်ရာ စကားလုံးတွေ လူမှုကွန်ယက်ဝက်ဆိုက်(Social Network) တွေမှာ သုံးလေ့ရှိတဲ့ ဘန်းစကားတွေရဲ့ အဓိပ္ပါယ်တွေကို ဒေသသုံးဘာသာ စကားတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို ပေးထားပါတယ်။ (ဗာရှာ(Bhasha) ဆိုတာ ဟိန္ဒူ စကားလုံးဖြစ်ပြီး “ဘာသာစကား” လို့ အဓိပ္ပါယ်ရပါတယ်)

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရဟူးနဲ့ ဟိန္ဒူသတင်းစာ ထုပ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ဂျဂရမ် (Jagram Group) တို့ ပူးပေါင်းပြီး Jagran.com ဆိုတဲ့ သတင်းပေါ်တယ်(News Portal) တစ်ခုကို သန်း ၄၂၀ သော အိန္ဒိယနိုင်ငံသားတွေရဲ့ မိခင်ဘာသာစကား ဖြစ်တဲ့ ဟိန္ဒူ ဘာသာစကားကို အခြေခံပြီး လွင့်တင်ခဲ့ပါတယ်။

အီးမေးလ် ဝန်ဆောင်မှုတွေ အခြား ဝက်(ဘ်) စာမျက်နှာတွေကို အိန္ဒိယဘာသာစကား မျိုးစုံနဲ့ အထောက်အပံ့ ပေးထားပြီး ဖြစ်တဲ့ ရဟူးက Jagran.com အနေနဲ့ အသုံးပြုတွေ ပြုံနေအောင် ဝင်လာပြီး သူတို့လိုချင်တဲ့ အသုံးပြုသူ အရေအတွက် ပမာဏ(user traffic) ကို ကျော်သွားလိမ့်မယ်လို့ ပြောပါတယ်။
“ပြည်တွင်းမူပြုရေး (Localization) က အိန္ဒိယလို နိုင်ငံတွေအတွက် အောင်မြင်မှုရဲ့ သော့ချက်ပဲ” လို့ ရဟူးအိန္ဒိယ ရဲ့ နိုင်ငံရပ်ခြား စားသုံးသူ ဝန်ဆောင်မှုလုပ်ငန်းက ဂိုပယ်ကရစ်ရှန က ပြောပါတယ်။

ဂူးဂယ် ကလည်း မကြာသေးမီက ဟိန္ဒူဘာသာ၊ အခြား တောင်ပိုင်း အိန္ဒိယရဲ့ အဓိက ဘာသာစကား သုံးမျိုးကို အသုံးပြုပြီး ဆိုက်ပေါင်းစုံက သတင်းတွေ စုပေါင်းဖော်ပြတဲ့ သတင်ပေါင်းဆိုက် တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ထို့ပြင် အခြား အိန္ဒိယဘာသာစကား ငါးမျိုးအထိ အနှစ်သာရမပျက် ဘာသာပြန်ပေးနိုင်တဲ့ transliteration tool (http://www.google.co.in/transliterate/indic မှာ သွားကြည့် နိုင်ပါတယ်) ကို မိတ်ဆက် ခဲ့ပါတယ်။ နောက်ပြီး ဂူးဂယ်ရဲ့ ရှာဖွေရေး အင်ဂျင် (Search Engine) မှာ အိန္ဒိယဘာသာစကား ကိုးမျိုးနဲ့ ရှာဖွေပေးနိုင်သလို အင်္ဂလိပ်လိုရေးထားတဲ့ ဝက်ဆိုက် တွေကို ဟိန္ဒူဘာသာနဲ့ တစ်ခါတည်း ဘာသာပြန်ဆို ဖော်ပြပေးနိုင်ပါတယ်။

Google က အင်ဂျင်နီယာတွေက အခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသုံးပြုဖို့ အတွက် အသံကို ကွန်ပျူတာက နားလည် တုံ့ပြန်နိုင်သောစနစ် (Voice Recognition)၊ ဘာသာပြန် (Translation)၊ အနှစ်သာရမပျက် ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဘာသာပြန်ခြင်း (Transliteration)၊ စာလုံးတွေကို ပုံဖော်ဖတ်ရှုပြီး ကွန်ပျူတာ နားလည်သော စကားလုံးများအဖြစ် ပြောင်းလဲခြင်း (Digital Text Reading) တွေမှာ အသဲအသန် ကြိုးစားအားထုတ် နေကြပါတယ်။

ဂူးဂယ်က သူငယ်ချင်းတွေက Quillpad နဲ့ ဂူးဂယ်ရဲ့ Transliteration Tool ကို နှိုင်းယှဉ် စမ်းသပ် ကြည့်ကြတယ်လို့ ပြောတော့ Quillpad တည်ထောင်သူ ရမ်ပါကပ်(ရှ်) တစ်ယောက် သဘောတွေ မနှောခွေ့ နေပါတယ်။ အိန္ဒိယသားတွေ တော်တော်များများ အင်္ဂလိပ်စာကို အသည်းအသန် ကြိုးစားအားထုတ် နေကြတယ်ဆိုပေမယ့် ဒေသသုံး ဘာသာစကားတွေ အသုံးပြုပြီး ရေးထားတဲ့ ဝက်(ဘ်)ဆိုက် တွေကတော့ များသထက် များလာ နေဦးမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

“ဒါကြောင့် အင်္ဂလိပ်စကား တစ်ခုတည်း မလုံလောက်ဘူး” လို့ ရမ်ပါကပ်(ရှ်) က “ရှေ့ကိုလည်းကြည့်၊ အင်္ဂလိပ်စာလည်းသင်၊ ဒါပေမယ့် သင်တို့အားလုံးရဲ့ လိုအပ်ချက်တွေ ပြည့်ဝဖို့ကတော့ အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး” ဆိုတဲ့ Quillpad ရဲ့ ဆောင်ပုဒ်ကို ညွှန်းဆိုရင်း ပြောပါတယ်။

Daniel Sorid ရေးတဲ့ Writing the Web’s future in numerous languages ဆိုတဲ့ Nytimes.com ရဲ့ ဆောင်းပါးကို ဘာသာ ပြန်ဆို ဖော်ပြခြင်း ဖြစ်ပါတယ်။