Archive for February, 2009

အိုးမကွာ အိမ်မကွာ ပညာရေး

February 11th, 2009

မိုးလင်းစ အာရုံသစ်ပြီဆိုတာနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ကျောင်းနေအရွယ် ကလေးတွေလိုပဲ ဂရိတ် (၈) ကျောင်းသူလေး ကိတ်လင်း တစ်ယောက် အိပ်ယာက မြန်မြန်သွက်သွက်ထပြီး ကျောင်းသွားဖို့ ပြင်ရဆင်ရ တာ အမော။ နေ့သစ်တစ်ခုကို အစပြုဖို့ ကိတ်လင်း မျက်နှာမှာ ယုံကြည်ချက်တွေနဲ့၊ စိတ်ဓာတ်တက်ကြွ မှုတွေနဲ့ တဖျတ်ဖျတ်လက်နေတယ်။ အင်္ကျီကို မြန်မြန်ဝတ်၊ နံနက်စာ သွက်သွက်စား၊ ပြီးတာနဲ့ စာသင်ခန်းထဲ ကိုပြေးတော့တာပဲ။ သင်ခန်းစာတွေက ၉း၀၀ အတိမှာ စမှာလေ။ တစ်ခြားကလေးတွေလိုပဲ ကားဂိတ်ကို လမ်းလျောက်၊ ဟိုရောက်ရင် ကျောင်းကားစောင့်လို့ ထင်ရင် မှားသွားလိမ့်မယ်။ ကိတ်လင်းက လမ်းတော့ လျောက်ပါတယ်။ မီးဖိုချောင်ကနေ ဆယ်ပေလောက်ပဲ လျောက်ရတယ်။ ကွန်ပျူတာဆီကိုပါ။ အဲဒီရောက်တာနဲ့ ဗွီ-ကျောင်းခန်းလို့ ဆိုလို့ရမယ့် Virtual Classroom ထဲကို နာမည်လေးထည့် လှို့ဝှက်စာလေးထည့်ပြီး ဝင်လိုက်တာပါပဲ။ (Virtual Classroom ဆိုသည်မှာ ကွန်ပျူတာကွန် ယက်များ ချိတ်ဆက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားများကို ကွန်ပျူတာမှ တစ်ဆင့် တကယ့် စာသင်ခန်းကဲ့ကို ဖန်တီးပေးထားသော ကွန်ပျူတာ စာသင်ခန်းဖြစ်သည်)

တစ်ခြား ဂရိတ် (၆)ကနေ ဂရိတ် (၈) အထိ (၉၅) ယောက်လောက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ကိတ်လင်းလိုပဲ ၆၅ မိုင်လောက်ဝေးတဲ့ ကယ်ဘတ်(တ်)ကျောင်းက အွန်လိုင်း အဝေးသင် အစီအစဉ်မှာ တက်နေကြပါတယ်။ အဲဒီအစီအစဉ်မှာ ကယ်ဘတ်(တ်)က အွန်လိုင်း ဆရာ၊ ဆရာမတွေကနေ ကျောင်းသား၊ ကျောင်းသူတွေကို အပြန်အလှန် လိုက်ရှိုး သင်ပေးတယ်။ အဓိက ဘာသာရပ်တွေဖြစ်တဲ့ ဘာသာစကား ဆိုင်ရာတွေ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်းနဲ့ အနုပညာ စတာတွေ အကုန်လုံးပဲ သင်ကြားရေးမှာပါဝင် ပါတယ်။

သမာရိုးကျ စာသင်ခန်းတွေလိုပဲ ကျောင်းသားတွေက စာမရှင်းတာတွေမေးမယ်၊ မေးခွန်းတွေကို ဖြေမယ်၊ အချင်းချင်း ဆွေးနွေးငြင်းခုန်ကြတဲ့ အခါပါမယ်၊ အဖွဲ့လိုက်လုပ်ရမယ့် ပရောဂျက်တွေမှာ အတူတူ လုပ်ကြမယ်။ စာမေးပွဲတွေလည်း ဖြေရတာပဲ။ အိမ်စာတွေလည်း လုပ်ရတာပါပဲ။ သမာရိုးကျကျောင်းတွေနဲ့ မတူတာတွေ ကတော့ ကိတ်လင်းတို့လို့ ဗွီ-ကျောင်းသူ၊ ကျောင်းသားတွေက သူတို့ သင်ခန်းစာတွေကို အိမ်ကနေ တစ်ဖဝါးမှ မခွာရပဲ လုပ်လို့ရတယ်လေ။ နောက်ပြီး ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းဖို့ အခွင့်အလမ်းတွေလည်း ရှိသလို ပုံမှန်သမာရိုးကျ စာသင်ခန်းတွေလို ဆူညံတာတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ကြိမ်လုံးတွေကို ကြောက်ရတာတွေ မရှိတော့ဘူးပေါ့။

“ကျွန်မ သမီးလေး ကိတ်လင်းကို အဲဒီလို အွန်လိုင်းစာသင်ကျောင်းမှာ အပ်လိုက်တာ သူ့အတွက် ကျွန်မတို့ လုပ်ပေးနိုင်သမျှတွေထဲမှာ အကောင်းဆုံး လုပ်ဆောင်ချက်ပါပဲရှင်” ကိတ်လင်းရဲ့ အမေက ဂုဏ်ယူ ဝင့်ကြွားတဲ့ အပြုံးနဲ့ ပြောပါတယ်။ အိမ်မှာ ကိတ်လင်းရဲ့ ဂိုက် (Guide) လို့ပြောလို့ရမယ့် အမေကတော့ ပျော်နေပါတယ်။

“ဆရာ၊ ဆရာမတွေကလည်း အသင်အပြကောင်း၊ အပြန်အလှန်ဆွေးနွေးပြီး သင်ပေးတဲ့ ပုံစံကလည်း ကိတ်လင်းအတွက် ပညာတိုးပြီးရင်းတိုးပဲရှင်၊ သမီးလေးရဲ့ ရမှတ်တွေကို ကြည့်ရင်လည်း တစ်ခါထက်တစ်ခါ မြင့်လာလိုက်တာ အဲဒီအစီအစဉ်က ဘယ်လောက် ထိရောက်သလဲဆိုတဲ့ သက်သေတွေပါပဲ၊ အရေးအကြီးဆုံးကတော့ သမီးလေးက ဗွီ-စာသင်ခန်းထဲမှာ စကားတွေပြော၊ ပြီးတော့ တစ်ခြားသူတွေနဲ့ သူငယ်ချင်းတွေ ဖြစ်ဆိုတော့ ယုံကြည်ချက်တွေ မြင့်လာတာပါပဲ၊ သမီးလေးကတော့ ပညာရေးမှာကော လူမှုရေးမှာပါ နှစ်ဖက်လုံး ချွန်လာတယ်ရှင့်”

ကိတ်လင်းနဲ့အတူ တစ်ခြား ကယ်ဘတ်ကျောင်းက ကျောင်းတက်ဖော်တွေဟာ အမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ခုနှစ်သိန်းလောက်ရှိတဲ့ အွန်လိုင်းအဝေးသင် အစီအစဉ်မှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေထဲက တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။ အဲဒီလို အွန်လိုင်းပညာရေး စနစ်ကို ရွေးချယ်ပြီး တက်နေတဲ့ ကျောင်းသားပမာဏဟာ ဒီထက်ပိုပြီး များလာဖို့ရှိပါတယ်။ ကျောင်းသားမိဘတွေ အနေနဲ့ အဲဒီလို ဆန်းသစ်တဲ့ အစီအစဉ်တွေကို ပိုပြီးသိလာကြသလို အွန်လိုင်းကနေ တစ်ဆင့် မေးမြန်း စုံစမ်းမှုတွေ ပိုများလာကြပါတယ်။ အိမ်ကနေ တစ်ဖဝါးမခွာသင်ယူနိုင်တဲ့ အစီအစဉ်တွေကို ဖန်တီးပေးနေကြတဲ့ ကယ်ဘတ်(တ်)လို့ ကျောင်းတွေဟာ အွန်လိုင်းအဝေးသင် အစီအစဉ်တွေကို ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေအရ အသစ်အသစ်သော နည်းပညာများကို အသုံးချပြီး ကောင်းသထက် ကောင်းအောင် ကြိုးစား အားထုတ်နေကြပါတယ်။ လက်(ပ်)တော့ ကွန်ပျူတာတွေ အိုင်ပေါ့လို့ နောက်ဆုံးပေါ် ဆက်သွယ်ရေး ကိရိယာတွေအထိ အသုံးချပြီး ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို ကမ္ဘာရဲ့ ဘယ်အရပ်မှာ ရောက်နေပါစေ၊ ချက်ချင်းသုံးလို့ရအောင် သူတို့ လက်(ပ်)တော့တွေ၊ အိုင်ပေါ့တွေထဲ ဒေါင်းလုတ် ချလို့ရအောင် ပံ့ပိုးပေးကြပါတယ်။ (ခုဆိုရင် မိုဘိုင်းဖုန်းတွေအထိပါ ဒေါင်းလုတ်ချလို့ ရနေပါပြီ)

အသုံးအစွဲစိစစ် ချွေတာနေရတဲ့ ကျောင်းသားမိဘတွေအနေနဲ့ တကယ့် အရည်အသွေးပြည့်ဝတဲ့ အွန်လိုင်းပညာရေး အစီအစဉ်တွေမှာ သူတို့ သားသမီးတွေကို အပ်နှံဖို့ လက်တွန့်ကောင်း လက်တွန့်နေ နိုင်ပါတယ်။ အမြတ်အစွန်းအတွက် မဟုတ်တဲ့ ကယ်ဘတ်(တ်)ကျောင်းကတော့ ကျောင်းသားအားလုံး သူတို့ ပညာရေးရည်မှန်းချက်တွေ အတွက် တန်းတူ အခွင့်အရေး ရှိသင့်တယ်လို့ ယုံကြည်ထားပါတယ်။ သူများကလေးတွေ အွန်လိုင်းပညာရေးစနစ်ကြောင့် အောင်မြင်နေရင် ကိုယ့်ကလေးကိုလဲ အွန်လိုင်းပညာရေး အတွက် အခွင့်အရေးပေးသင့်တယ်လို့ ဆိုပါတယ်။

“ကယ်ဘတ်(တ်)မှာ အလုပ်လုပ်ရတာ စိတ်ချမ်းသာရပါတယ်။ သူတို့လေးတွေအတွက် တကယ့်အရည်အသွေး ပြည့်မှီတဲ့ ပညာရေးစနစ်တွေကို ဖြန့်ဖြူပေးနိုင်သလို သူတို့လေးတွေရဲ့ အနာဂတ်လေးတွေ လှပလာအောင် တံခါးဖွင့်ပေးရာလည်း ရောက်ပါတယ်” လို့ ကယ်ဘတ်(တ်) ပညာရေးဝန်ဆောင်မှုက အကြီးအကဲဖြစ်သူ ဂျိန်းဟယ်လေက ပြောပါတယ်။

“ကျွန်တော်တို့ အွန်လိုင်းအဝေးသင် ပညာရေး အစီအစဉ်တွေက ကျောင်းသားတွေကို အချက်အလက်တွေ အများကြီးအပေါ် အခြေခံပြီး ဆွဲဆောင်ပါတယ်။ Homeschool (အိမ်ကနေ ကွန်ပျူတာ ကွန်ယက်ကနေ တစ်ဆင့် တက်နိုင်တဲ့ကျောင်း) ယဉ်ကျေးမှုနဲ့ မယဉ်ပါးသေးတဲ့ ကျောင်းသား မိဘတွေကိုလည်း သေသေချာချာ ဆွေးနွေး ရှင်းပြပေးပါတယ်။ ကလေးများတဲ့ မိသားစုတွေမှာဆိုရင် ရှေ့က တက်နှင့်ပြီးသား ကျောင်းသားတွေရဲ့ စရိတ်တွေအတွက် ရုန်းကန်နေရတတ်ပါတယ်။ အဲဒီလိုမိသားစုတွေအတွက် နောက်ပေါက် ကျောင်းသားတွေကို ကယ်ဘတ်(တ်)က အိုးမကွာ အိမ်မကွာ တာဝန်ယူပေးနိုင်ပါတယ်။ သင့်တော်တဲ့ ကျောင်းသား မိဘတွေကိုလည်း ငွေရေးကြေးရေး အကူအညီတွေ ထောက်ပံ့ပေးသလို၊ အရစ်ကျခွဲသွင်းလို့ရတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။” လို့ ဂျိန်းဟယ်လေက ဆက်ပြောပါတယ်။

ကယ်ဘတ်(တ်)ကျောင်းက ကျောင်းသားတွေအတွက် အွန်လိုင်းအဝေးသင် ပညာရေးအစီအစဉ်တွေကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့ပေးထားပါတယ်။ ဗွီ-စာသင်ခန်းတွေ၊ အွန်လိုင်းစာမေးပွဲ အစီအစဉ်တွေ၊ အွန်လိုင်းသင်ခန်းစာ အစီအစဉ်တွေ ပါဝင်ပါတယ်။ အွန်လိုင်းသင်ခန်းစာတွေဆိုရင်လည်း အိုင်ပေါ့ထဲကို ဒေါင်းလုတ်ချနိုင်အောင် စီစဉ်ပေးထားပါတယ်။ ခဲတံတွေ၊ စာရွက်တွေ သုံးခဲ့ကြတဲ့ အရင်ခေတ်နဲ့တော့ အကွာကြီး ကွာသွားပါပြီ။ ကယ်ဘတ်(တ်)ကတော့ အွန်လိုင်းအဝေးသင် ပညာရေးအစီအစဉ်တွေကို ကောင်းသထက် ကောင်းအောင် ခေတ်မှီသထက်မှီအောင် လုပ်ဖိုဆုံးဖြတ်ချက် ချထားပါတယ်။ ဒါပေမယ့် ကယ်ဘတ်(တ်)အနေနဲ့ ကွန်ပျူတာတွေ၊ အိုင်ပေါ့တွေဟာ စာအုပ်တွေကို အစားထိုးလောက်တဲ့အရာတွေ မဟုတ်ဘူးလို့ ယုံကြည်ထားဆဲပါ။

“ကယ်ဘတ်(တ်)ကျောင်းက ကျောင်းသားတွေကို သင်ခန်းစာတွေအတွက် ပြဌာန်းစာအုပ်တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေနဲ့ အထောက်အကူပြု ပစ္စည်းကိရိယာတွေ အားလုံး ပေးမှာဖြစ်ပါတယ်။ ကွန်ပျူတာတွေ၊ အိုင်ပေါ့တွေဟာ ကလေးတွေအတွက် ပညာရေးမှာ အများကြီး အထောက်အကူပြုပါတယ်။ သူတို့ ပညာရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ နားထောင်တာတို့၊ လေ့ကျင့်ခန်းတွေ ဖြေပြီး ပြန်ပို့တာတို စတဲ့ လုပ်ငန်းဆောင်တာတွေမှာ အများကြီး လွယ်ကူထိရောက် စေပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းကိရိယာတွေဟာ တကယ့် ပြည့်စုံတဲ့ သင်ယူမှု အတွေ့အကြုံကိုတော့ မပေးစွမ်းနိုင်ပါဘူး။ ဥပမာ – သိပ္ပံဘာသာရပ်ဆိုင်ရာ လက်တွေ့ စမ်းသပ်မှုမျိုးတွေလို ဂန္တဝင် စံတင်ထားတဲ့ ရော်ဘင်ဆန်ကရူးဆိုးလို စာအုပ်မျိုးတွေကို ဖတ်တဲ့နေရာတွေမှာ ပေါ့” လို့ ကယ်ဘတ်(တ်)ရဲ့ အကြီးအကဲ ဖြစ်သူ ဂျိန်းဟယ်လေက ဆိုပါတယ်။

ရေးသားသူ – မောင်ပီဇီ (MYSTERY ZILLION)

Reference – Distance Learning Options Changing the Face of Home Schooling

ကျွန်တော် သဘောကျတဲ့ ကာတွန်းလေး

February 5th, 2009

ဒါကတော့ သူငယ်ချင်း တစ်ယောက်ပြလို့ပါ … တော်တော်လေးကို သဘောကျမိလို့ ပြန်တင်လိုက်တာပါ …

image002