ကျွန်တော် ဆယ်တန်းလောက်တုန်းကပေါ့။ ကျွန်တော် သင်္ချာကျူရှင်တစ်ခု တက်ပါတယ်။ ကျန်တဲ့ကျူရှင်တွေကို ပြေးရင်ပြေးမယ်။ အဲဒီကျူရှင်ကိုတော့ဘယ်တော့မှ မပြေးပါဘူး။ အချိန်အစောကြီး သွားတတ်သလို အဲဒီမှာရှိတဲ့ ဆရာရဲ့သားသူငယ်ချင်းနဲ့လည်း သွားပြီး အိပ်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကျူရှင်မှာရှိတဲ့ အပေါ်ထပ် (ပြောရရင်တော့ ထပ်ခိုးအဆင့်လောက်ပဲ ရှိပါတယ်) ကို သဘောကျလို့ပါ။ ကျူရှင်ကို ရောက်ပြီဆိုတာနဲ့ အပေါ်ထပ် ထပ်ခိုးပေါ် တစ်ခါတည်း တက်တော့တာပဲ။ အဲဒီအပေါ်ထပ်မှာ သူငယ်ချင်းကလည်း အမြဲရှိနေတတ်တယ်လေ။ ထပ်ခိုးကို သဘောကျတယ်ဆိုလို့ တစ်မျိုး မထင်လိုက်ပါနဲ့။ အဲဒီထပ်ခိုးပေါ်မှာရှိတဲ့ စာအုပ်တွေကြောင့်ပါ။ ထပ်ခိုးတစ်ခုလုံး စာအုပ်တွေနဲ့ ပြည့်နေပါတယ်။
ထပ်ခိုးလေးရဲ့ အလင်းရောင်ဝင်တဲ့အပိုင်းမှာ သွားထိုင် ဒဂုံမဂ္ဂဇင်း အထူကြီးတွေထဲက မှော်ဆရာမှတ်တမ်းဆိုတဲ့ အခန်းကို အရင်ဆုံးဖတ်တာ မှတ်မိပါသေးတယ်။ အဲဒီနောက် ဆရာကြီး ရွှေဥဒေါင်းစာအုပ်တွေ။ ဆရာကြီး သော်တာဆွေ။ ဆရာကြီး သိပ္ပံမောင်ဝ။ အစုံလျောက်ဖတ်ပါတယ်။ ဒီလိုဖတ်ရင်းနဲ့ သူတို့လို စာတွေရေးချင်လာပါတယ်။ အဲဒီကနေ စာရေးချင်တဲ့ ဆန္ဒဖြစ်တည်လာတယ်လို့ ပြောရင် ရမယ်ထင်ပါတယ်။ ဒါပေမယ့် သူတို့လို ကြိုးစားပြီး ရေးကြည့်တော့ ဘာမှလည်း ရေးလို့ မရတာ တွေ့ရပါတယ်။ ဒီတော့ စာတွေပဲ လှိမ့်ဖတ်ဖြစ်ပါတော့တယ်။
နောက်ပိုင်း အင်္ဂလိပ်စာတွေလေ့လာဖြစ်ပါတယ်။ အဲဒီလိုလေ့လာရင်း Newsweek ကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်ပြန်ပါတယ်။ အဲဒီလို ဖတ်ဖြစ်ရင်းနဲ့ ကျွန်တော် သူတို့လို စာတွေရေးချင် လာပြန်ပါတယ်။ သူတို့ရေးတာတွေကို လေ့လာကြည့်တော့ စာတစ်ပုဒ်ဖြစ်ဖို့ အနည်းဆုံး ဆယ်ဦးလောက် အင်တာဗျူးရပါတယ်။ အဲဒီလို အင်တာဗျူးလို့ ရလာတွေကို စုပြီး သုံးသပ်ချက်တွေ၊ အမြင်တွေ၊ အားနည်းချက်၊ အာသာချက်တွေ စသဖြင့် အင်တာဗျူးတွေနဲ့ ပေါင်းစပ်ပြီး ဆီလျော်ညီညွတ်အောင် သီကုံးရေးသားရတဲ့ ပုံစံမျိုးတွေပါ။ သူတို့ရဲ့ အမြင်တွေအားလုံးကတော့ လုံးဝ (လုံးဝ) Global ကမ္ဘာကြည့်တွေပါပဲ။ ကျွန်တော် သူတို့ရေးတာတွေကို အရမ်းအားကျမိပြန်ပါတယ်
ဆက်ပါဦးမယ်ခင်ဗျာ …