ဒီနေ့ ကိုအောင် လက်ဖက်ရည်ဆိုင် အစောကြီး ထွက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင် ရောက်တော့ ဘယ်နေရာ ထိုင်ရင်ကောင်းမလဲ လိုက်ကြည့်သည်။ သူ့ကိုတွေ့တော့ လက်ဖက်ရည်ဆိုင် ထိုင်နေသူများ အချင်းချင်း လက်တို့ကုန်ကြသည်။ သူလာထိုင်မည်ကို မည်သူမျှ လိုလားဟန်မပြ။ သူကလည်း လိုတာမလိုတာ မသိ။ အဆင်ပြေသည့်နေရာ ဝင်ထိုင်ဖို့က အသင့်။ သူ့ကို ခေါ်ချင်သည့် ဝိုင်းရှိအောင် လုပ်ဖို့က ကိုအောင်အတွက် အပျော့။ သူ့အိပ်ကပ်ထဲမှာ အစိမ်း ငါးရွက်လောက်ရှိသည်။ အစိမ်းဆိုလို့ အထင်တော့ မကြီးလိုက်နဲ့ဦး။ ခြင်္သေ့စိမ်းဖြစ်သည်။ တစ်ထောင်တန် အစိမ်းသုံးရွက်။ အမေဆီက ဘတ်လာခြင်း ဖြစ်သည်။
“ငါ ဒီနေ့ တကာခံမယ်။ ငါ့ဘယ်ဝိုင်းမှာ ထိုင်ရမလဲ။”
အဲဒီလို ငါးစာလေးချလိုက်တော့ ငါမျှားချိတ်ကို အသာထား၊ ဟတ်မယ့် ငါးတွေက အုပ်လိုက်တက်လာသလို ဟိုဝိုင်းကလည်း ကိုအောင်လာပါ။ ဒီဝိုင်းကလည်း ကိုအောင်ထိုင်ပါ ဖြစ်ကုန်သည်။ ဒီတော့ ကိုအောင် လက်ဖက်ရည်ဝိုင်းတွေ အကုန် လိုက်ကြည့်သည်။ များလိုက်သည့် ဖြစ်ချင်း လူငယ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ တစ်ပုံကြီး။ ကိုအောင်လို လူမျိုးအတွက်ကတော့ တကယ့် အခွင့်အရေး။ မဟာ အခွင့်အရေး။ အိမ်မှာနေရင် အမေ့အဆူအငေါက်ကို အမြဲခံနေရသည်။