Posts Tagged ‘ရွှန်းရွှန်း’

သမီးလေးအကြောင်း (၂)

May 13th, 2009

စတိုင်ထွားနေတဲ့ မီးမီး

စတိုင်ထွားနေတဲ့ မီးမီး

သမီးလေးအကြောင်း မှတ်မိတာလေး တစ်ခုကတော့ ရယ်စရာကောင်းပါတယ်။

သမီးလေးကို မွေးကာစ ကတည်းက ကျွန်တော်ပဲ အနှီးထုတ်ပေးရပါတယ်။ အနှီးထုတ်တယ် ဆိုတာ လွယ်တယ်လို့ ထင်ရပေမယ့် အင်မတန် ခက်ပါတယ်။ တကယ့် အနှီးထုတ်တတ်တဲ့ သူဆိုရင် ကျစ်နေပြီး ကလေးကလည်း သူ့အမေ ဗိုက်ထဲမှာ နေရတဲ့ပုံစံမျိုး ဖြစ်နေတော့ ကောင်းကောင်းလည်း အိပ်ပါတယ်။ သမီးရဲ့ အဖွားတွေကတော့ မိန်းကလေး အနှီးကျစ်ကျစ် ထုတ်ရင် ကိုယ်လုံး ကိုယ်ပေါက် လှတယ် ဆိုပြီး ပြောကြပါတယ်။ ကျွန်တော်ကတော့ အနှီးကို ကျစ်ကျစ်ထုတ်ပြီး သမီးလေးကို သိပ်ရင် နှစ်နှစ်ချိုက်ချိုက်ကလေး အိပ်နေတတ်တာလေးကို ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်နေတတ်လို့ အနှီးထုတ်နည်းကို မတတ်မဖြစ် တတ်အောင် သင်မယ်ဆိုပြီး ကျွန်တော့်ဇနီးကို မီးနေပေးတဲ့ နပ်(စ်)မ အမေကြီးကို သင်ခိုင်းပါတယ်။ အဲဒီအမေကြီးက တကယ့်ကို အနှီးထုတ်တဲ့ နေရာမှာ အိတ်စပတ်လို့ ပြောလို့ရပါတယ်။

ဒီလိုနဲ့ အနှီးထုတ်နည်းကို သင်တာ တစ်ပတ်လောက်ကြာတဲ့ အထိ အမေကြီး ထုတ်တဲ့ အဆင့်အထိ မရပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ထုတ်တတ်သွားပါတယ်။ ဒါပေမယ့် မှတ်မိပါသေးတယ်။ ကလေးအနှီးထုတ်တဲ့ အရွယ်ကျော်တဲ့ အထိ အမေကြီး ထုတ်တာလောက် ကျွန်တော် မထုတ်တတ်ဘူး ဆိုတာပါပဲ။

ဒီလိုနဲ့ ကျွန်တော်က အနှီးထုတ်တာဝန်ကို အမြဲ တာဝန်ယူရပါတော့မယ်။ အီးအီးကုန်းတာ၊ ရှုးရှုးတယ်တာတွေကတော့ သူ့အမေရဲ့ တာဝန်ပေါ့။ တစ်နေ့ သူ့အမေက ကလေးကို အီးအီးကုန်းပေးပါတယ်။ ပြီးတော့ ပေါင်ဒါတွေ သုတ်ပေးပြီး အနှီးထုတ်ဖို့ ကျွန်တော့်ကို ပေးပါတယ်။ အဲဒီလို ပေးတော့ သမီးလေး မျက်နှာမှာ တစ်မျိုးဖြစ်နေပါတယ်။ အီးအကုန် မပါရသေးလို့ပဲ ထင်တယ်ဆိုပြီး သမီးလေးကြည့်လိုက်တော့ “ဖွတ်” ကနဲဆိုပြီး အီးကထွက်လာပါတယ်။ ပေါင်ဒါတွေကလည်း လိမ်းထား အရှိန်ကလည်း ပျင်းတော့ ကျွန်တော်မျက်နှာကိုတောင် ပေါင်ဒါမှုန့်တွေ လာစင်ပါတယ်။ ကျွန်တော်လည်း လန့်ပြီး နောက်ကို ဆုတ်လိုက်ရပါတယ်။ ကျွန်တော့် ဇနီးကတော့ ဖေဖေ အီးမှန်သွားပြီးဆိုပြီး ရယ်နေပါတယ်။

အဲဒီလို အဖြစ်အပျက် နောက်တစ်ခုက ကျွန်တော့် ဇနီးရဲ့ သူငယ်ချင်းက အိမ်လာလည်ပါတယ်။ အဲဒီလိုလာလည်ရင်း သမီးလေးက ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး ချီလိုက်ပါတယ်။ အဲဒီလိုလည်း ချီလိုက်ရော သမီးလေးက အီးပေါက်လိုက်ပါတယ်။ အဲဒီလိုပေါက်လိုက်တာကို ကျွန်တော် ဇနီးသူငယ်ချင်းမက လန့်သွားပါတယ်။ တော်သေးတာပေါ့ ကလေးကို လွတ်မချလိုက်လို့ …. ဟီးဟီး

သမီးလေး အကြောင်း (၁)

May 12th, 2009

သမီးလေး အကြောင်းကို ရေးမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်မှာ သေချာပါတယ်။ ကျွန်တော့် ရင်ထဲမှာ ပြောစရာတွေက တစ်ပုံကြီးပါ။

ပထမဦးဆုံး သမီးလေးနဲ့ ပတ်သက်ပြီး မှတ်မိနေတာက သမီးလေး ဗိုက်ထဲမှာ ရှိစဉ်ကပါ။ ဇနီးနဲ့ ဗိုက်ထဲကနေ ဖောင်းဖောင်းပြီး ထွက်လာတတ်တဲ့ သမီးလေးရဲ့ ခြေထောက်လေးတွေလား၊ ဒါမှမဟုတ် ဦးခေါင်းလေးလား မသိ ခဏခဏ တွေ့ရတတ်ပါတယ်။ အဲဒီလို တွေ့ရတတ်တိုင်း သမီးအမေက ဒီမှာ လာကြည့်ပါဦးဆိုပြီး ခေါ်ခေါ် ပြတတ်ပါတယ်။ အဲဒီလို ခေါ်ပြတော့ ကျွန်တော်က သမီးလေး လိမ်လိမ်မာမာ နေနော်။ မလိမ်မာရင် ရိုက်မယ်ဆိုပြီး ဖောင်းလာတဲ့ နေရာလေးတွေကို ဖြည်းဖြည်းလေး ပုတ်ပါတယ်။ အဲဒါကို သူ့အမေက သမီးရေ … သမီးကို သမီးအဖေက ရိုက်နေတယ်ဆိုပြီး အော်တတ်ပါတယ်။ ဒါလေးတွေက သမီးလေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အမှတ်ရတဲ့ အဖြစ်ပါ။

နောက်တစ်ခုက သမီးလေးမွေးကာစတုန်းကပါ။ ကျွန်တော်က မွေးခန်းအပြင်ဖက်မှာ စောင့်နေပါတယ်။ သမီးလေး ချောချောချူချူ မွေးတယ်ဆိုတော့ ကျွန်တော်လည်း အရမ်းပျော်သွားပြီး သမီးလေးကို မြင်ရအောင် မွေးခန်းကို ချောင်းကြည့်ပါတယ်။ သူ့အမေကိုတော့ မမြင်ရပေမယ့် သမီးကိုတော့ ရေတွေချိုးပေးနေတာ မြင်ရပါတယ်။ အဲဒီမှာ လန့်သွားတာက သမီးလေးကို ရေချိုးပေးနေတဲ့ ဆရာမရဲ့ အကိုင်အတွယ်ပါ။ လန့်စရာကောင်းလောက်အောင် ရဲတင်းပါတယ်။ ခြေထောက်နှစ်ချောင်းက ကိုင်ပြီး ဇောက်ထိုး ခါလိုခါ။ သာမာန် သန်သန်မာမာ ကလေး တစ်ယောက်ကို ဖင်ပြန်ခေါင်းပြန်ကိုင်ပြီး ရေချိုးပေးသလို ချိုးပေးနေတော့ ကျွန်တော့် သမီးလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်နေမိပါတယ်။ ရင်တမမကြည့်နေရင်း နောက်ဆုံး သမီးလေးရဲ့ ငိုတဲ့အသံကို ကြားတော့မှ အသက်ရူမိတယ် ထင်ပါတယ်။ ဒီလိုနဲ့ အနှီးနဲ့ ကျစ်ကျစ်ပါအောင် ထုတ်ပြီး အခြား မွေးကာစ ကလေးလေးယောက်နဲ့ အတူ သမီးလေးကို လာပြပါတယ်။ အဲဒီနေရာမှာ ကလေးလေးယောက်ကို တစ်ပြိုင်တည်း လက်တစ်ဖက်မှာ နှစ်ယောက်စီတင်ပြီး ချီလာပြန်တော့ စိတ်ထဲမှာ ပြုတ်ကျသွားမလားဆိုပြီး စိုးရိမ်မိပြန်ပါတယ်။

သမီးလေးရဲ့ အဖွားလည်း စိုးရိမ်တယ်ထင်ပါရဲ့။ လှမ်း ချီလိုက်ပြီး ကျွန်တော့်ကို ပြပါတယ်။ ကျွန်တော်လည်း ကျွန်တော့်သမီးလေးကို တွေ့ရပြီဆိုပြီး အားရပါးရ ကြည့်လိုက်တော့ စိတ်ထဲမှာ ဖြစ်လာတာက “ဟာ … ငါ့သမီးလေးက သေးသေးလေးပါလား” ဆိုပြီး ဖြစ်လာပါတယ်။ ဒီလိုစိုးရိမ်စိတ်နဲ့ အမေ့ကို မေးကြည့်တော့ “ဟဲ့ ကလေးက ပေါင်ပြည့်တယ်ဟဲ့၊ မွေးကာစဆို ဒီလိုပဲ၊ ခဏလေးကြီးလာလိမ့်မယ်” ဆိုတော့မှ စိတ်အေး သွားပါတော့တယ်။

ဖေဖေကဲကဲ၊ မီးမီးကဲကဲ

May 11th, 2009
ဖေဖေကဲကဲ၊ မီးမီးကဲကဲ

ဖေဖေကဲကဲ၊ မီးမီးကဲကဲ

» More: ဖေဖေကဲကဲ၊ မီးမီးကဲကဲ

သမီးလေးနဲ့ စကားစမြည်

December 24th, 2008

သမီးလေးနဲ့ စကားပြောဖြစ်တယ်။ သမီးလေးက ခု အသက်သုံးနှစ်နဲ့ သုံးလ။ ကဲပြောပြီဗျာ ….

ကျွန်တော် – ဖေဖေကြီး မေးဦးမယ်။ သမီးလေး သူ့နာမည်က ဟိန်းထက်ခိုင်ကို မောင်မောင်လို့ ဘာဖြစ်လို့ခေါ်တာလဲ။

ရွှန်းရွှန်း – သူက ပါးဖောင်းဖောင်းကြီးလေ မီးမီးက ချစ်လို့ … မောင်မောင်လို့ ခေါ်တာ။

ကျွန်တော် – ခု မောင်မောင်နဲ့ ခေါ်သေးလား။

ရွှန်းရွှန်း – ခေါ်တော့ဘူး။ သူက မီးမီးကို လုပ်တယ်။

ကျွန်တော် – ဘယ်လိုလုပ်တာလဲ။

ရွှန်းရွှန်း – မီးမီးကို တွန်းတယ်လေ၊ သူက

ကျွန်တော် – အော် ဒါဆို ခု မီးမီးက ဘယ်သူနဲ့ ခေါ်နေတာလဲ။

ရွှန်းရွှန်း – မင်းသူခန့်နဲ့လေ၊ သူက မျက်လုံးဝိုင်းဝိုင်းလေး၊ မီးမီးက ချစ်လို့ ….

ကျွန်တော် – မီးမီးတို့ ချစ်သွားတာ ဘယ်လောက်ရှိပြီလဲ။

ရွှန်းရွှန်း – နှစ်ရက်လောက်ရှိပြီလေ။

ကျွန်တော် – ဘာဖြစ်လို့ ချစ်တာလဲ။

ရွှန်းရွှန်း – ချစ်လို့ ချစ်တာပေါ့။

ကျွန်တော် – အကြောင်းပြချက်မရှိဘူးပေါ့။

ရွှန်းရွှန်း – အချစ်မှာ အကြောင်းပြချက်များမရှိဘူး ဟုတ်တယ်၊ ဒါဆိုမင်းပျော်နိုင်မလား၊ အချစ်လေး ….

ရွှန်းရွှန်းက အဲဒီလို ထူးအိမ်သင် သီချင်းကို ထဆိုလိုက်တော့ ကျွန်တော်လည်း ပါးစပ်ဟောင်းလောင်း ဖြစ်ကျန်ခဲ့ပါရောဗျာ ….

သမီလေး အလှူလုပ်တယ်

September 19th, 2008

ဒီနေ့ သမီးလေး အလှူတစ်ခု ထပ်လုပ်တယ်။ သူ့အဖွားက သူ့အတွက် နှစ်တိုင်းလုပ်နေကြ အလှူလုပ်ပေးတာပေါ့။ သူ့အဖွားက မူလတန်းပြ ဆရာမလေ။ ဒီတော့ သူတို့ကျောင်းမှာ ကျောင်းသားတွေကို ကြက်သားဆန်ပြုတ်တိုက်တယ်။ သမီးလေးကတော့ ပျော်နေတာပဲ။ အားလုံးက Happy Birthday ဝိုင်းဆိုပေးတော့ သဘောကျနေလေရဲ့။ ဓာတ်ပုံတွေလည်း အရိုက်ခံတယ်။ ပြီးတော့ ကဗျာတွေလည်း ခုံပေါ်တက်ပြီး တစ်တန်းလုံးကို ဆိုပြတယ်။ အားလုံးက ကဗျာတစ်ပုဒ်ပြီးတိုင်း လက်ခုပ် ဝိုင်းတီးကြတာကို သဘောကျနေတယ်။ သူ့ မူကြို ကျောင်းက ဆရာမကတော့ ပြောပါတယ်။ သူက အတန်းထဲမှာ အသေးဆုံး၊ အသံအကျယ်ဆုံး၊ စကားအများဆုံးတဲ့။ သူများတွေထက် ပိုပြီး စာရေးတဲ့နေရာ၊ ပုံဆွဲတဲ့နေရာ၊ အရောင်ခြယ်တဲ့နေရာတွေမှာ တော်တယ်တဲ့။ ကျွန်တော် အဲဒီလိုကြားရတော့ စိတ်ချမ်းသာတယ်ဗျ။ ကျွန်တော်လည်း ငယ်ငယ်က အဲဒီလိုပါပဲ။ အသေးဆုံး ဖြစ်ခဲ့တယ်။ ဒါပေမယ့် သမီးလေးလို အသံအကျယ်ဆုံး၊ စကားအများဆုံးတော့ မဖြစ်ခဲ့ပါဘူ။ သမီးမိန်းကလေး ဖြစ်နေတော့ ဒီလို အချက်ကလေးတွေ ပိုလာတာ ထင်တယ်ဗျ။ ဓာတ်ပုံလေးတွေ တင်ချင်ပေမယ့် ကင်မရာက ချိန်မရသေးဘူးဗျ။ ဒီတော့ နောက်မှ တင်တော့မယ်ဗျာ …