Posts Tagged ‘အင်တာနက်’

ဘာသာစကားမျိုးစုံနှင့် အင်တာနက်ကို ရေးသားခြင်းနှင့် အနာဂတ် (၂)

January 1st, 2009

အိန္ဒိယဂူးဂယ်ရဲ့ ဒေါက်တာပရာဆပ်ရမ်က သူတို့ကုမ္ပဏီရဲ့ ပြည်တွင်း ဘာသာစကား ဆိုင်ရာ ဝန်ဆောင်မှုတွေကနေ အကျိုးအမြတ် ကြီးကြီးမားမား မရနိုင်သေးဘူးလို့ ပြောပါတယ်။

“ဒါပေမယ့် အဲဒီလို ရင်းနှီးမြှတ်နှံမှုတွေကနေ အကျိုးရလဒ်ကောင်းတွေ၊ အိန္ဒိယရဲ့ ကြော်ငြာဈေးကွက်ကို ဖန်တီးနိုင်တဲ့ အလားအလာတွေ ရှိတယ်”လို့ ဒယ်ပါမာက ပြောပါတယ်။

အိန္ဒိယရဲ့ အွန်လိုင်းဈေးကွက်ကို ချိတ်ဆက်နိုင်ဖို့ အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေပါပြီ။ အနောက်တိုင်း ရုပ်သံအစီအစဉ် ထုတ်လုပ်သူတွေ ကုန်ပစ္စည်း ထုတ်လုပ်သူတွေမှာ သင်ခန်းစာ ကောင်းကောင်းတွေ ရှိပြီးသားပါလို့ ဈေးကွက် အတိုင်ပင်ခံလည်းဖြစ် “အိန္ဒိယ ဈေးကွက်တွက် ယှဉ်ပြိုင်အနိုင်ရနိုင်ရေး (အိန္ဒိယစားသုံးသူတွေရဲ့ ပြောင်းလဲ တိုးတက်မှု ဖြစ်စဉ်ကို နားလည်နိုင်ရေး)” ဆိုတဲ့ စာအုပ်ကို ရေးသားသူလည်းဖြစ်တဲ့ ရာမဘီဂျာပူကာ က ဆိုပါတယ်။

“ဘီလီယံနဲ့ ချီနေတဲ့ လူတွေဆီရောက်ချင်တယ်၊ ဒါမှာမဟုတ် တစ်ဝက်လောက် အထိ အုပ်မိချင်တယ် ဆိုရင်၊ သူတိုနဲ့ တစ်သားတည်း ဖြစ်ချင်တယ်ဆိုရင် ဘာသာစကားပေါင်းစုံ သုံးမှရမယ်ဆိုတဲ့ အချက်ကို သင်ရှောင်လွဲမရနိုင်ပါဘူး” သူမက ဆက်ပြောပါတယ်။

ယနေ့ခေတ် သန်း ၅၀ လောက်ရှိတဲ့ ဧရာမ အင်္ဂလိပ်စကား ပြောနိုင်တဲ့ အင်တာနက် အသုံးပြုသူတွေ ရှိတာတောင် အဲဒီအထဲက သုံးပုံတစ်ပုံလောက်က သူတို့မိခင်ဘာသာ စကားလေးနဲ့ ဖတ်ရတာကို ပိုပြီး ကြိုက်ကြကြောင်း အိန္ဒိယဈေးကွက် သုတေသန ကုမ္ပဏီဖြစ်တဲ့ JuxtConsult ရဲ့ စစ်တမ်း ကောက်ယူမှုများ အရသိရပါတယ်။ တော်တော်များများ ကတော့ သူတို့ဖြစ်စေချင်တဲ့ အတိုင်း မဖြစ်သေးဘူး၊ သူတို့ရှာချင်တာတွေ မိခင်ဘာသာစကားနဲ့ ရှာလို့ မရသေးဘူးလို့ ပြောပါတယ်တဲ့။ ဒါတောင် “ဒေသသုံး ဘာသာစကားတွေနဲ့ ရေးထားတဲ့ စားမျက်နှာတွေကို သိမ်းဆည်း ထားတဲ့ ပမာဏကတော့ အများကြီး ရှိနေပါတယ်” လို့ JuxtConsult က အကြီးအကဲ ဖြစ်သူ ဆန်ဂျေးတီဝါရီ က ပြောပါတယ်။

ဗာရှာစီမံကိန်း (Project Bhasha) ဆိုတာ အိန္ဒိယက ပညာတတ်တွေ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ၊ တစ်ကိုယ်တော် ဆော့(ဖ်)ဝဲ ရေးသားသူတွေနဲ့ ပူးပေါင်းပြီး ကွန်ပျူတာကို ဒေသသုံး ဘာသာစကားတွေနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်နေတဲ့ မိုက်ကရိုဆော့(ဖ်)(Microsoft) ရဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီက အိန္ဒိယအစိုးရ လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေရဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေမှာ ဒေသသုံးဘာသာစကား အသုံးပြုမှုလိုအပ်ချက် ကြီးထွားလာတာကို အကွက်မြင်ထားပါတယ်။

“အဲဒီလို ကုမ္ပဏီတွေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသတွေ၊ တိုးတက်မှုနှေးကွေး နေသေးတဲ့ မြို့တွေ၊ မြို့ငယ်လေးတွေအထိ သူတို့ ဝန်ဆောင်မှုတွေ ဖြန်နိုင်သလောက် ဖြန့်ကျက်ချင်တယ်ဆိုရင် စားသုံးသူတွေနဲ့ တိုက်ရိုက် ထိတွေ့ချင်တယ်ဆိုရင် ဆက်သွယ်ရေး အတွက် ဒေသသုံး ဘာသာစကားကို မသုံးမဖြစ် သုံးဖို့ လိုလာပါပြီ” မိုက်ကရိုဆော့(ဖ်) ရဲ့ ပရိုဂရမ်မန်နေဂျာ တစ်ဦးဖြစ်သူ ပရာဒိ ပရာပေး က ပြောပါတယ်။

အဆိုပါ စီမံကိန်းရဲ့ ဝက်(ဘ်)ဆိုက်ဖြစ်တဲ့ BhashaIndia.com က အသုံးပြုသူများ ကိုယ်တိုင် ပြင်ဆင် တည်းဖြတ်နိုင်ဖို့ စီစဉ်ပေးထားသလို နည်းပညာဆိုင်ရာ စကားလုံးတွေ လူမှုကွန်ယက်ဝက်ဆိုက်(Social Network) တွေမှာ သုံးလေ့ရှိတဲ့ ဘန်းစကားတွေရဲ့ အဓိပ္ပါယ်တွေကို ဒေသသုံးဘာသာ စကားတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို ပေးထားပါတယ်။ (ဗာရှာ(Bhasha) ဆိုတာ ဟိန္ဒူ စကားလုံးဖြစ်ပြီး “ဘာသာစကား” လို့ အဓိပ္ပါယ်ရပါတယ်)

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရဟူးနဲ့ ဟိန္ဒူသတင်းစာ ထုပ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ဂျဂရမ် (Jagram Group) တို့ ပူးပေါင်းပြီး Jagran.com ဆိုတဲ့ သတင်းပေါ်တယ်(News Portal) တစ်ခုကို သန်း ၄၂၀ သော အိန္ဒိယနိုင်ငံသားတွေရဲ့ မိခင်ဘာသာစကား ဖြစ်တဲ့ ဟိန္ဒူ ဘာသာစကားကို အခြေခံပြီး လွင့်တင်ခဲ့ပါတယ်။

အီးမေးလ် ဝန်ဆောင်မှုတွေ အခြား ဝက်(ဘ်) စာမျက်နှာတွေကို အိန္ဒိယဘာသာစကား မျိုးစုံနဲ့ အထောက်အပံ့ ပေးထားပြီး ဖြစ်တဲ့ ရဟူးက Jagran.com အနေနဲ့ အသုံးပြုတွေ ပြုံနေအောင် ဝင်လာပြီး သူတို့လိုချင်တဲ့ အသုံးပြုသူ အရေအတွက် ပမာဏ(user traffic) ကို ကျော်သွားလိမ့်မယ်လို့ ပြောပါတယ်။
“ပြည်တွင်းမူပြုရေး (Localization) က အိန္ဒိယလို နိုင်ငံတွေအတွက် အောင်မြင်မှုရဲ့ သော့ချက်ပဲ” လို့ ရဟူးအိန္ဒိယ ရဲ့ နိုင်ငံရပ်ခြား စားသုံးသူ ဝန်ဆောင်မှုလုပ်ငန်းက ဂိုပယ်ကရစ်ရှန က ပြောပါတယ်။

ဂူးဂယ် ကလည်း မကြာသေးမီက ဟိန္ဒူဘာသာ၊ အခြား တောင်ပိုင်း အိန္ဒိယရဲ့ အဓိက ဘာသာစကား သုံးမျိုးကို အသုံးပြုပြီး ဆိုက်ပေါင်းစုံက သတင်းတွေ စုပေါင်းဖော်ပြတဲ့ သတင်ပေါင်းဆိုက် တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ထို့ပြင် အခြား အိန္ဒိယဘာသာစကား ငါးမျိုးအထိ အနှစ်သာရမပျက် ဘာသာပြန်ပေးနိုင်တဲ့ transliteration tool (http://www.google.co.in/transliterate/indic မှာ သွားကြည့် နိုင်ပါတယ်) ကို မိတ်ဆက် ခဲ့ပါတယ်။ နောက်ပြီး ဂူးဂယ်ရဲ့ ရှာဖွေရေး အင်ဂျင် (Search Engine) မှာ အိန္ဒိယဘာသာစကား ကိုးမျိုးနဲ့ ရှာဖွေပေးနိုင်သလို အင်္ဂလိပ်လိုရေးထားတဲ့ ဝက်ဆိုက် တွေကို ဟိန္ဒူဘာသာနဲ့ တစ်ခါတည်း ဘာသာပြန်ဆို ဖော်ပြပေးနိုင်ပါတယ်။

Google က အင်ဂျင်နီယာတွေက အခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အသုံးပြုဖို့ အတွက် အသံကို ကွန်ပျူတာက နားလည် တုံ့ပြန်နိုင်သောစနစ် (Voice Recognition)၊ ဘာသာပြန် (Translation)၊ အနှစ်သာရမပျက် ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဘာသာပြန်ခြင်း (Transliteration)၊ စာလုံးတွေကို ပုံဖော်ဖတ်ရှုပြီး ကွန်ပျူတာ နားလည်သော စကားလုံးများအဖြစ် ပြောင်းလဲခြင်း (Digital Text Reading) တွေမှာ အသဲအသန် ကြိုးစားအားထုတ် နေကြပါတယ်။

ဂူးဂယ်က သူငယ်ချင်းတွေက Quillpad နဲ့ ဂူးဂယ်ရဲ့ Transliteration Tool ကို နှိုင်းယှဉ် စမ်းသပ် ကြည့်ကြတယ်လို့ ပြောတော့ Quillpad တည်ထောင်သူ ရမ်ပါကပ်(ရှ်) တစ်ယောက် သဘောတွေ မနှောခွေ့ နေပါတယ်။ အိန္ဒိယသားတွေ တော်တော်များများ အင်္ဂလိပ်စာကို အသည်းအသန် ကြိုးစားအားထုတ် နေကြတယ်ဆိုပေမယ့် ဒေသသုံး ဘာသာစကားတွေ အသုံးပြုပြီး ရေးထားတဲ့ ဝက်(ဘ်)ဆိုက် တွေကတော့ များသထက် များလာ နေဦးမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

“ဒါကြောင့် အင်္ဂလိပ်စကား တစ်ခုတည်း မလုံလောက်ဘူး” လို့ ရမ်ပါကပ်(ရှ်) က “ရှေ့ကိုလည်းကြည့်၊ အင်္ဂလိပ်စာလည်းသင်၊ ဒါပေမယ့် သင်တို့အားလုံးရဲ့ လိုအပ်ချက်တွေ ပြည့်ဝဖို့ကတော့ အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး” ဆိုတဲ့ Quillpad ရဲ့ ဆောင်ပုဒ်ကို ညွှန်းဆိုရင်း ပြောပါတယ်။

Daniel Sorid ရေးတဲ့ Writing the Web’s future in numerous languages ဆိုတဲ့ Nytimes.com ရဲ့ ဆောင်းပါးကို ဘာသာ ပြန်ဆို ဖော်ပြခြင်း ဖြစ်ပါတယ်။