Posts Tagged ‘အရှုပ်ထုပ်’

ကျွန်တော်နှင့် အရှုပ်ထုပ်များ

November 7th, 2008

ကျွန်တော်ဆိုတဲ့ကောင်က ဘယ်တော့မှာ ငြိမ်ငြိမ်မနေတတ်ဘူး၊ အမြဲတစ်ခုမဟုတ် တစ်ခုနဲ့ ရှုပ်နေရမှ ကြေနပ်တယ်။ အိုင်းစတိုင်းကြီး ပြောခဲ့တာ သတိရတယ်။ ကောက်ရိုးပုံထဲမှာ အပ် ပျောက်သွားတယ်။ ဒါကို အပ် ပြန်ရှာတယ်။ အပ်ပြန်တွေ့တာတောင် ငါက ဆက်ရှာ နေဦးမှာပဲတဲ့။ ကျွန်တော်လည်း အဲဒီလို အထဲမှာပါတယ် ထင်တယ်။ အပ်တွေ တစ်ချောင်းပြီး တစ်ချောင်း တွေ့တာတောင် ကောက်ရိုးပုံကို ဆက်ဖွနေတုန်း။ ကိစ္စများမြောင် လူတို့ဘောင်တဲ့။ ကိစ္စတွေကတော့ လုပ်လေများလေပဲ။ မြတ်စွာ ဘုရားရှင်ကတော့ ကိစ္စနည်းအောင် နေခြင်းသည် မင်္ဂလာ တစ်ပါးပဲလို့ ဟောခဲ့ပါတယ်။ ကျွန်တော်က ဆန့်ကျင်ဖက်များ ဖြစ်နေမလား။

ကျွန်တော်တစ်ယောက်တည်း ရှုပ်နေတာလားလို့ မိတ်ဆွေ သူငယ်ချင်းတွေကို ကြည့်လိုက်တော့လည်း တစ်ယောက်မှာ မအားကြဘူး။ သူတို့ ဘာသာ သူတို့ ရှုပ်နေကြတာပဲ။ ကျွန်တော့် မိန်းမကိုကြည့်တော့လည်း ရှုပ်နေတာပဲ။ သမီးလေးလည်း ရှုပ်နေတာပဲ။ ဘယ်သူမဆို ရှုပ်နေတဲ့ အရှုပ်ထုပ်လောက ကြီးပဲ။ သမီးလေးဆိုလည်း ဘယ်တော့မှ ငြိမ်ငြိမ်နေတယ်မရှိဘူး။ လက်လှုပ်ရင် လှုပ်၊ မလှုပ်ရင် ပါးစပ်လှုပ်တယ်။ ကိုစေတန်ဆိုရင်လည်း ရှုပ်တာပဲ။ သူဆိုင်ကိစ္စ၊ သူ့ကောင်မလေးကိစ္စ၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ ရှုပ်နေတာပဲ။ ကိုဒီဘီအေ လည်း တူတူပဲ။ ဘယ်တောင် ပျောက်နေမှန်းမသိ။

အဲဒီလို ရှုပ်နေကြတာတော့ ဟုတ်ပါပြီ။ ဘာအတွက် ရှုပ်နေကြတာလဲ။ ကျွန်တော်တို့ ရှုပ်နေကြတာ မှန်ကော မှန်ရဲ့လား ဆိုတာကို လောကုတ္တရာ ပေတံနဲ့ တိုင်းကြည့်ချင်တယ်။ လောကီပေတံနဲ့ တိုင်းမယ်ဆိုရင်တော့ မှန်နေမှာပဲဗျ။ သမုဒယသစ္စာကိုးဗျ။ လောကုတ္တရာပေတံနဲ့ တိုင်းကြည့်တော့ ကျွန်တော်တို့ ရှုပ်နေတာတွေက သိပ်တော့ မဟုတ်သေးဘူးထင်တယ်ဗျ။ ဒါနဲ့ မိန်းမကို ပြောဖြစ်တယ်။ ကျွန်တော်တို့ တရားစခန်းလေး ဘာလေးဝင်ကြရအောင် ဆိုတော့။ ကလေး မူကြိုတက်ရဦးမယ်။ အလုပ်ကလည်း ထားခဲ့လို့ ဘယ်ရမလဲ။ စသည် စသည်ဖြင့်တွေက တစ်ပုံကြီးဗျာ …

အရှုပ်ထဲမှာ ရှင်းအောင်နေရမယ်တဲ့။ ဆရာတော် ဦးဇောတိကက ပြောတယ်။ ဟုတ်တယ် စိတ်ထဲမှာ ရှင်းအောင်တော့ နေရမယ်။ သူဘာသာ ပြင်ပမှာ ရှုပ်ချင်သလောက်ရှုပ် ကိုယ့်စိတ်ထဲမှာ ရှင်းအောင်နေရမယ်လေ။ ဒေါသတွေ မကပ်စေနဲ့။ လောဘတွေမကပ်စေနဲ့။ မောဟတွေ မကပ်စေနဲ့။ စိတ်ကလေးကို ရှင်းနေအောင် ထားရမယ်။ ခက်တာက ဒီလိုလုပ်ဖို့ဆိုတာ အလေ့အကျင့်တွေ အများကြီး လိုလာပြန်ရောဗျ။ ခက်တော့နေပါပြီ။

အဲဒါနဲ့ … မိတ်ဆွေ တစ်ယောက်ကို မေးကြည့်ဖြစ်တယ်။ ခင်ဗျားကြည့်ရတာ အေးလိုက်တာ ရှုပ်ရှုပ်ရှက်ရှက်လည်း မတွေ့ရဘူး။ တစ်နေ့ တစ်နေ့ အေးဆေးပဲ။ ဘယ်လို ရှင်းအောင်နေလဲဗျာ ဆိုတော့ … သူကပြောတယ်။ ကျွန်တော်က မနက်ဆို မိန်းမထည့်ပေးတဲ့ ထမင်းချိုင့် ယူလာတယ်ဗျာ။ ဒီမှာ တစ်နေကုန် လာထိုင်တယ်။ ဖုန်းစောင့်ပေးတယ်။ ဖုန်းစောင့်ပေးတဲ့ အချိန်မှာ ပက်လက်ကုလားထိုင်မှာ ထိုင်တယ်။ ဝထ္တုတွေဖတ်တယ်။ ညနေဆိုပြန်တယ်။ ဘတ်ငွေလေးယူပြီး ယမကာဆိုင်သွားတယ်။ တစ်ခွက် တဖလားမော့တယ်။ အိမ်ပြန်အိပ်တယ်။ မိန်းမက ပိုက်ဆံအရှာ ကောင်းတယ်လေဗျာ။ ကျွန်တော် အိမ်မှာနေနေရင် ပိုက်ဆံပိုကုန်လို့ ကျွန်တော့်ကို ဒီကိုလွတ်ထားတာ။ အဲဒီလိုနေလာတာ နှစ်တွေ မနည်းတော့ဘူးပဲ။ ခင်ဗျားလည်း အဲဒီလို နေပါလားဗျတဲ့။ ကဲဗျာ … ကောင်းရော …. ရှင်းနေတာပဲ။