အမေကတော့ ကျွန်တော် မပြောချင်ဘူး။ ကျွန်တော်က ပင်ပင်ပန်းပန်း ရှာထားတာတွေကို ဒီလိုလွယ်လွယ် သုံးပစ်ရလားဗျ … ကျွန်တော် ဘယ်လောက် ပင်ပန်းတယ်ထင်လဲ … ခုလို မဟုတ်တဲ့နေရာမှာ သုံးပစ်တာ အမေတို့ မလွန်လွန်းဘူးလား။ ဒီလိုမဟုတ်က ဟုတ်ကတွေကို မလုပ်ပါနဲ့ဆိုတာကို အတန်တန် ပြောထားရက်နဲ့ လုပ်ရက်တယ်ဗျာ .. ကျွန်တော် သုံးနှစ်လောက် အောက်ကျခံပြီး ရှာထားတဲ့ သိန်း(၇၀) လောက်ကို သဲထဲရေသွန် လုပ်ပစ်ရက်တယ်ဗျာ … အမေရက်စက်တယ်ဗျာ … ကျွန်တော် နောက်တစ်ခါ နိုင်ငံခြားသွားရင် ဘယ်တော့မှာ ပြန်မလာတော့ဘူး … အမေတို့နဲ့လည်း အဆက်အသွယ် မလုပ်တော့ဘူး …
ကျွန်တော်လည်း တော်တော် အံ့သြသွားတယ်။ ကြားနေကြ အသံ မဟုတ်လို့လေ။ ကျွန်တော် အရင်က ကြားဖူးတာက အမေက သားကို ဒီလိုမျိုးဆူတာပဲ ကြားဖူးတယ်။ ခုတော့ သားက အမေ့ကို ပြန်ဆူနေတာဗျ။ တော်တော်လေးကို ပေါက်ကွဲနေပုံပဲ။ ကျွန်တော်လည်း စိတ်ဝင်စားသွားတာနဲ့ နားထောင်နေမိတယ်။ သူ့အမေက ဘာမှကို ပြန်မပြောနိုင်ဘူးဗျ။ မျက်နှာငယ်လေးနဲ့ ထိုင်နေရှာတယ်။