ကျွန်တော်တို့ အနေနဲ့ အနာဂတ် အကြောင်းကို အမြဲပြောခဲ့ ကြပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကပင် သားသား ကြီးလာရင် ဘာလုပ်မလဲဟု မေးလျှင် မဆိုင်မတွ ပြန်ဖြေခဲ့သည်ကို မှတ်မိ ပါသေးသည်။ အင်ဂျင်နီယာကြီး လုပ်မည်ဟု ရင်ကော့ပြီး ဖြေရသည်ကို အရမ်း ကျေနပ်ခဲ့ ပါသည်။ ဖခင်ပြောပြသော အနာဂတ် အိပ်မက်များကို မက်ရင်း အတန်းတွေ တစ်တန်းပြီး တစ်တန်း အောင်ခဲ့ပါသည်။ သို့သော် ဆယ်တန်း အောင်ပြီးစတွင် အနာဂတ် အိပ်မက်များ လက်တွေ့ဘ၀တွင် အဆပ်အဟပ် မမိတော့တာ တွေ့လိုက်ရပါသည်။ အနာဂတ်တွေနဲ့ တည်ဆောက်ထား သည့် စိတ်ကူယဉ် အိပ်မက်များသည် ကျွန်တော်ကို ရက်စက်စွာ ကျောခိုင်း ထွက်ခွာသွား ခဲ့ပါသည်။ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ် ဟူသော စကားမှာလည်း အမှတ် မမှီသောကြောင့် အတိတ်မှာ အရိပ်အဖြစ်သာ ထင်ကျန် နိုင်ပါတော့သည်။ ငါ ဘာဆက်လုပ်သင့်သလဲ၊ ငါ ဘာဆက်လုပ်ရမှာလဲလို့ တွေးရင် အိပ်မက်တွေကို လိုက်ရှာ မိပါသည်။ မတွေ့။ အနာဂတ်တွေ အာလုံးဟာ အဖေရဲ့ မင်းဘာမှ ဖြစ်လာတော့မှာ မဟုတ်တော့ဘူး ဆိုသော စကားနှင့်အတူ ရေစုန်မျော သွားခဲ့ပြီ ဖြစ်သည်။
အလွန် လေးလံသော စိတ်များကို ထမ်းပိုးရင်း အတိတ်ကို ပြန်သွားလိုက်၊ အနာဂတ်ကို ရှာလိုက်နှင့် နှစ်နှစ်ကျော်ကျော်လောက် ကြာသွားပါသည်။ နှစ်နှစ်အတွင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အကြံဥာဏ် တောင်းတော့လည်း ပေးတဲ့သူတွေက ဘာတစ်ခုမှ ရေရေရာရာ မပေးနိုင်။ အလွန် စိတ်ပျက်စရာ ကောင်းသော အမှတ်တရ နေ့ရက်များ ဖြစ်ခဲ့ပါသည်။